UWSA က မိုင်းဆတ်ခရိုင်အတွင်း (၂)ကြိမ် ဖမ်းဆီး သိမ်းဆည်းရမိသည့် မူးယစ်ဆေး (၄၁)သိန်းကျော်ကို စစ်ကောင်စီတပ်ထံ အပ်နှံ

Photo: UWSA
Photo: UWSA
UWSA က မိုင်းဆတ်ခရိုင်အတွင်း (၂)ကြိမ် ဖမ်းဆီး သိမ်းဆည်းရမိသည့် မူးယစ်ဆေး (၄၁)သိန်းကျော်ကို စစ်ကောင်စီတပ်ထံ အပ်နှံ
ဧပြီ 29, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ် UWSA (ဝ)၏ စစ်ဒေသ(၁၇၁)နယ်မြေတွင် (၂)ကြိမ်ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄၁)သိန်းကျော်ကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နှင့် မတ်လ(၂)ရက်နေ့တို့တွင် ပစ်ခတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးရရှိမှုမှာ UWSA(ဝ)အဖွဲ့၊ စစ်ဒေသ(၁၇၁)၏ တပ်မဟာ (၇၇၅)မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းဆောင် ဒုတပ်မဟာမှူး အိုက်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ ဟွေအာ- နောင်ရင်းမှ လွယ်ထွေတောင် အနီးဝန်းကျင်တဝိုက်တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဥ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အဖွဲ့နှင့်  ပစ်ခတ်မှုများဖြစ်ပွားပြီး စိတ်ကြွရူးသွပ်ဆေးပြား (၄၄၂,၀၀၀)ကို သိမ်းဆည်းရရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုတိယအကြိမ်အနေဖြင့် မတ်လ(၂)ရက်နေ့က တပ်မဟာ (၅၁၈)၏ တပ်ရင်း (၅၀၅)မှ တပ်ခွဲမှူး ကျဟဲ ဦးဆောင်သည့် အဖွဲ့များက မြန်မာ- ထိုင်းနယ်စပ် မိုင်းယွန်း- ဟွေဟတွင် လှည့်ကင်း ဆောင်ရွက်နေစဥ်မှာ စိတ်ကြွရူးသွပ်ဆေးပြား (၃,၇၅၀,၀၀၀) နှင့် AK အမျိုးအစား သေနတ်(၁)လက်နှင့် ကျည်(၈)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်း မြန်မာ - ထိုင်းနယ်စပ် UWSA (ဝ)၏ စစ်ဒေသ(၁၇၁)နယ်မြေတွင် UWSA အနေဖြင့် ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများကို ယခင်ကတည်းက ယခုလို လွှဲပြောင်းပေးလေ့ရှိကြောင်း သိရသည်။

 

"ဒီနှစ်ထဲမှာ ကျွန်တော်တို့ (၂)ကြိမ် ဖမ်းမိတဲ့ဟာတွေပါ။ လူတွေကိုတော့ မမိပါဘူး။ အများအားဖြင့် ကျွန်တော်တို့ဘက်က ပစ်ခတ်ဖမ်းဆီးတဲ့အတွက် သူတို့ရဲ့ ကြောပိုးအိတ်တွေထားပြီး ထွက်ပြေးသွားကြတာများတယ်။ အခုလိုပဲ ကျွန်တော်တို့အနေနဲ့ စစ်တပ်နဲ့မူးယစ်ကို အရင်ကတည်းက လွှဲပြောင်းပေးလေ့ရှိပါတယ်။ "ဟု UWSA (ဝ)၏   စစ်ဒေသ(၁၇၁)နယ်မြေမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

(၂)ကြိမ် ဖမ်းဆီး သိမ်းဆည်းရရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ( ၄,၁၉၂,၀၀၀ ) နှင့် သေနတ်ကို UWSA က စစ်ကောင်စီတပ်၏ လက်ထဲသို့ ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီကျော်အချိန်က UWSA(ဝ)အဖွဲ့၊ စစ်ဒေသ(၁၇၁)၊ ဟွေအောမြို့နယ်မှူးရုံးတွင် ပေးအပ်ပွဲပြုလုပ်ပြီး လွှဲပြောင်းပေးရာ စစ်ဗျူဟာအဖွဲ့ (အခြေချ) မိုင်းတုံ မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ အမှတ် (၆၅) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး ဆန်းယုအောင် နှင့် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ  ရဲမှူး ဝင်းနိုင်တို့က လာရောက်လက်ခံ ယူဆောင်သွားသည်ဟု သိရသည်။

#TachileikNewsAgency