ကျိုင်းတုံ - တာချီလိတ်အကြား အက်ကြောင်းဖြစ်ပေါ်နေသည့် တာလေတံတားပေါ်တွင် ယာယီ ဘေလီတံတား ပြုလုပ်နေ၍ သွားလာခွင့် ယာယီပိတ်ထား

ကျိုင်းတုံ - တာချီလိတ်အကြား အက်ကြောင်းဖြစ်ပေါ်နေသည့် တာလေတံတားပေါ်တွင် ယာယီ ဘေလီတံတား ပြုလုပ်နေ၍ သွားလာခွင့် ယာယီပိတ်ထား
ဇန်နဝါရီ 18, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ - တာချီလိတ် သွား လမ်းပေါ် တာလေမြို့ရှိ တာလေတံတားတွင် ကွဲအက်ကြောင်းရာ ဖြစ်ပေါ်လာပြီးနောက် ကုန်တင်ကားသွားလာမှုကို ယာယီပိတ်ထားလိုက်ပြီး ကားများသွားလာနိုင်ရန်အတွက် ယာယီ သံဘောင်ဘေလီတံတားကို ယနေ့ ညတွင် စတင် ဆောင်ရွက်နေလျက်ရှိပြီး ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ပုံမှန်အတိုင်း သွားလာနိုင်ရန် အမြန်ဆုံး လုပ်ဆောင်နေကြောင်း သိရသည်။

ကျိုင်းတုံ နှင့် တာချီလိတ်အကြား (၇၄၃)ကီလိုမီတာ နှင့် (၇၄၄)ကီလိုမီတာအကြားတွင် ရှိသည့်  တာလေတံတားတွင် သိသာထင်ရှားသည့် ကွဲအက်ကြောင်း ဖြစ်ပေါ်လာသည်ကို ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက စပြီး တွေ့ရှိပြီးနောက် ကုန်တင်ကားများနှင့် ကားကြီးများကို သွားလာခွင့် ပိတ်ထားလိုက်ပြီး ညနေပိုင်းအထိ အိမ်စီးကားများကို အခြေအနေကြည့်၍ လွတ်ပေးကာ  ဆိုင်ကယ်နှင့်လူများကို  သွားလာခွင့်ပြုထားကြောင်း သိရသည်။ 

ယနေ့ ဇန်နဝါရီလ(၁၈)ရက်နေ့ ညပိုင်းတွင် သက်ဆိုင်ရာများက တံတားပေါ်သွားလာမှု အားလုံးကို ပိတ်လိုက်ပြီး ယာယီ သံဘောင်ဘေလီတံတား စတင်ပြုလုပ်နေရာ ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ပြီးစီးနိုင်ရန် အမြန်ဆုံးလုပ်ဆောင်နေကြောင်းနှင့် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကားကြီး ကားငယ်များ ပုံမှန်အတိုင်း သွားလာနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

"အခု တံတားပေါ်သွားလာမှုတွေကို ပိတ်ထားလိုက်ပြီး ညတွင်းချင်း ဘေလီတံတားထိုးနေတယ်။ နက်ဖြန်အပြီးသတ်ပြီး သဘက်ခါကျရင် ပုံမှန်အတိုင်း သွားလာနိုင်အောင်တော့ လုပ်နေကြတယ်။ သတ်မှတ်ရက်အတွင်း အမြန်ပြီးအောင်  လုပ်နေကြတယ်။  အကြောင်းအရင်းက ဒီချောင်းထဲ တံတားအောက်မှာ ရေတိုက်စားပြီး ရေထိုးပေါက်ဖြစ်ပြီးတော့ ဂလိုင်ပေါက်လိုမျိုးဖြစ်ပြီးသွားတဲ့အခါ တံတားတိုင်က ကျွံဝင်သွားတဲ့ သဘောမျိုး ဖြစ်နေတာ၊ အဲ့လိုကြောင့် တံတားကိုပါ ထိခိုက်လာရတာလို့ လောလောဆယ် စစ်ဆေးတွေ့ရှိရပါတယ်ခင်ဗျ"ဟု ဌာနဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာလေတံတားကို ပြုပြင်နေသည့် သတ်မှတ်ရက်များတွင် မိုင်းလင်းဘက် မြို့ရှောင်လမ်းကနေ တာချီလိတ်သို့ သွားရောက်ရန်မှာ မြို့ပတ်လမ်းရှိ တံတားတစ်စင်းမှာ မပြီးစီးသေးသည့်အတွက် မြို့ပတ်လမ်းကနေလည်း သွားနိုင်ဦးမည်မဟုတ်သေးကြောင်း သိရသည်။  

ဒေသခံများက တာလေတံတား၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် သဲထုတ်လုပ်မှုများကြောင့် အပြင် ရွှေတူးဖော်လုပ်ငန်းများကြောင့်  ကြာလာသည်နှင့်မျှ ယခုလို တံတားကို လာရောက် တစ်စိတ်တစ်ဒေသ ထိခိုက်ခြင်းဖြစ်နိုင်သည်ဟုလည်း   သုံးသပ်နေကြသည်။

တာလေတံတား၏ အရှည်မှာ (၃၂၅)ပေရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်နေသည် ဖြစ်သည့်အပြင်  ၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့်  ရစ်ချ်တာစကေး (၆.၈)အဆင့်ရှိ ငလျင်ဒဏ်ကိုလည်း ခံခဲ့ရသေးသည့် တံတားဖြစ်သည်။

တာလေတံတားသည် နယ်မြို့များမှစ၍ ကျိုင်းတုံဘက်မှ လာသည့် စားသောက်ကုန် စသည့် ကုန်စည်အမျိုးမျိုးတင်ဆောင်သည့် ကုန်ကားများ နှင့် ခရီးသည်တင်ကားများ အဓိက အားထားသုံးပြုကြရသည် တစ်ခုတည်းသော တံတားဖြစ်သည်။