တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး သတ်မှတ်ရက်ပြည့်၍ (၃၀)ဦး နေအိမ်ပြန်၊ လက်ရှိတွင် နေအိမ်ပြန်ရန် (၃၄၀)နီးပါး ကျန်

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး သတ်မှတ်ရက်ပြည့်၍ (၃၀)ဦး နေအိမ်ပြန်၊ လက်ရှိတွင် နေအိမ်ပြန်ရန် (၃၄၀)နီးပါး ကျန်
သြဂုတ် 31, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး သီးသန့်ထားရှိသည့်နေရာများမှ ယနေ့ ဩဂုတ်လ(၃၁)ရက်နေ့တွင် နေအိမ်ပြန်ခွင့်ရရှိသွားသူများမှာ (၃၀)ဦးရှိပြီး Covid-19 ပိုးတွေ့ရှိသူလည်း (၁၀)ဦး ထပ်တိုးကြောင်း သိရသည်။

Covid-19 ပိုးကူးစက်ခံရပြီး အသွားအလာကန့်သတ်ခြင်း (၁၁)ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရရှိသူ (၃၀)ဦးမှာ တာချီလိတ်ခရိုင် မိုးလုံလေလုံအားကစားရုံ၏ Covid-19 စောင့်ကြည့်စင်တာမှ (၉)ဦး နှင့် ဝမ်လုံး Covid-19 စောင့်ကြည့်စင်တာမှ (၂၁)ဦးတို့ ဖြစ်သည်။

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ပြီး ဆေးရုံတက်ရန်မလိုသူများကို အသွားအလာကန့်သတ်ခြင်းအဖြစ် Covid-19 စောင့်ကြည့်ရေးစင်တာများဖြစ်သည့် မိုးကုတ်တရားရိပ်တာ၊ မိုးလုံလေလုံအားကစားရုံ၊ ဝမ်လုံး နှင့် မိုင်းဖုန်း(က)တို့တွင်ထားရှိရာ လက်ရှိတွင် စုစုပေါင်း (၃၄၀)နီးပါး ကျန်ရှိကြောင်း သိရသည်။



 

ဆေးဝါးကုသရန်လိုအပ်သူများကို တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်များပေး၍ ကုသပေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မိမိကိုယ်ကို Covid-19 သံသယရှိကြောင်း စစ်ဆေးလိုသူများကို ယခင်ကလို ပိတ်ရက်မရှိ စစ်ဆေးပေးခဲ့သော်လည်း ယခုအခါမှာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့များတွင်သာ တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် ကျပ်ငွေ(၁၀၀၀၀)သတ်မှတ်ကာ စစ်ဆေးပေးနေကြောင်းလည်း သိရသည်။

ယနေ့ ဩဂုတ်လ(၃၁)ရက်နေ့တွင် Covid-19 ကူးစက်ခံထားရသူ (၁၀)ဦးထပ်တိုးသည့်အတွက် တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၂၄၀၀)ကျော်ရှိသည့်အနက် Covid-19 သီးသန့် စောင့်ကြည့် စစ်တာများတွင် ကျန်ရှိသူမှာ (၃၃၀)နီးပါးရှိကျန်ရှိနေသလို သေဆုံးသူမှာလည်း ဆေးရုံတွင် သေဆုံးသူ (၇၀)ကျော်ရှိနေကြောင်း သိရသည်။

 

သေဆုံးသူများမှာ ဆေးရုံတွင် သေဆုံးသူ (၇၀)ကျော်ရှိနေပြီး နေအိမ်တွင် မိမိအစီအစဉ်ဖြင့် နေထိုင်ပြီး သေဆုံးသူမှာလည်း ဆေးရုံတွင် သေဆုံးသည့်အရေအတွက်ထက်များပြားသည်ဟု လူမှုကူညီရေးအသင်းများထံက သိရသည်။

Photo: မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မေတ္တာရှင်(သာရေး/နာရေး)လူမှုကူညီရေးအသင်း