အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ အိမ်ဖြူတော်တွင် တွေ့ဆုံမည်၊ မြန်မာပါဝင်ခြင်း ရှိ မရှိ မသေချာ

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့က အာဏာဆီယံခေါင်းဆောင်များ နှင့် အမေရိကန်သမ္မတို့ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံခဲ့ကြစဉ်  [ Photo: AP]
၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့က အာဏာဆီယံခေါင်းဆောင်များ နှင့် အမေရိကန်သမ္မတို့ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံခဲ့ကြစဉ် [ Photo: AP]
အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ အိမ်ဖြူတော်တွင် တွေ့ဆုံမည်၊ မြန်မာပါဝင်ခြင်း ရှိ မရှိ မသေချာ
By Mr John

သမ္မတဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ မေလအတွင်း အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်က  ထုတ်ပြန်ကြေညာထားသော်လည်း မြန်မာပါဝင်ခြင်း ရှိ မရှိကိုတော့ အတည်မပြုနိုင်သေးကြောင်း သိရသည်။

 အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို မူလက မတ်လအတွင်း ပြုလုပ်ရန် စီစဥ်ထားခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ Jen Psaki က ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

"ဘိုင်ဒန် - ဟာရစ် အစိုးရအဖွဲ့အတွက် အရှေ့တောင်အာရှဒေသတွင်း ခိုင်မာပြီး ယုံကြည်ရတဲ့ မိတ်ဖက်အဖြစ် ရပ်တည်ဆောင်ရွက်သွားဖို့က ထိပ်တန်း ဦးစားပေးတစ်ခုပါ" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



သမ္မတဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို မူလက မတ်လ (၂၈) ရက်နှင့် (၂၉) ရက်တွင် ပြုလုပ်ရန်စီစဥ်ထားခဲ့ပြီးနောက် ရွှေ့ဆိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအခါ ထိပ်သီးဆွေးနွေးပွဲကို မေလ (၁၂) ရက်နှင့် (၁၃) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ထိပ်သီး ဆွေးနွေးပွဲကို မူလသတ်မှတ်ရက်မှာ အာဆီယံခေါင်းဆောင်အချို့ ၎င်းတို့၏ အစီအစဥ်များနှင့် တိုက်ဆိုင်နေခြင်းနှင့် ယူကရိန်းအကျပ်အတည်း ပိုမိုနက်ရှိင်းလာခြင်းတို့ကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ အာရှနှင့်ဆက်ဆံရေးကို ခိုင်မာစေခြင်းသည် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးဖြစ်ကြောင်း အမေရိကန်က ကာလရှည်ကြာ ပြောနေခဲ့သည်။



ပြီးခဲ့သည့် မတ်လ (၂၉) ရက်နေ့တွင် သမ္မတဂျိုးဘိုင်ဒန်က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး အာဆီယံဒေသကို လွတ်လပ်ပွင့်လင်းမှု ရှိနေစေရေး သေချာစေလိုကြောင်း ပြောခဲ့သည်။

တရုတ်က နိုင်ငံတကာကုန်သွယ်မှု လမ်းကြောင်းတွေကို စိုးမိုးခြယ်လှယ်ရန် ကြိုးပမ်းနေသည်ဟု အမေရိကန်၏ ရှုမြင်ထားမှုကို ဂျိုးဘိုင်ဒန်က ရည်ညွှန်းခဲ့ခြင်းလည်း ဖြစ်သည်။



သမ္မတဂျိုးဘိုင်ဒန်က ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း အာဆီယံခေါင်းဆောင်များနှင့် အွန်လိုင်းထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့သေးသည်။

ထိုအွန်လိုင်းထိပ်သီးဆွေးနွေးပွဲတွင် စစ်တပ်၏ အာဏာသိမ်းမှုကိုခံထားရသည့် မြန်မာနိုင်ငံ မပါဝင်ခဲ့ပေ။



အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ကြသည်။



အိမ်ဖြူတော်တွင် ပြုလုပ်သွားမည့် သမ္မတဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ ပါဝင်ခြင်းရှိ မရှိ အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်က ရှင်းရှင်းလင်းလင်း မဖော်ပြထားကြောင်း AFP သတင်းက ပြောသည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရက မတ်လ (၁၂) ရက်တွင် ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် အာဆီယံက သံတမန်ရေးအရ အဖြေရှာရန် လုပ်ဆောင်နေခဲ့သော်လည်း လက်ရှိအချိန်အထိ တိုးတက်မှုမရှိဘဲ အချည်းအနှီးဖြစ်နေခဲ့သည်။



Source: AFP