တာချီလိတ်မြို့ရှိ ရှမ်းရိုးမကုန်တိုက်နေရာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီသစ်က ဖျက်မည့် ကုန်တိုက် လုံခြုံရေးအတွက်ဟုဆိုကာ ကြိုတင်အသိမပေးဘဲ ခြံတံခါးခတ်လိုက်၍ စားသောက်ဆိုင် နှင့် ဆိုင်ခန်းများ၏  ယာဉ်ရပ်ရေးနှင့်ဝင်ထွက်ရန် အခက်တွေ့ 

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကုန်တိုက်နေရာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီသစ်က ဖျက်မည့် ကုန်တိုက် လုံခြုံရေးအတွက်ဟုဆိုကာ ကြိုတင်အသိမပေးဘဲ ခြံတံခါးခတ်လိုက်၍ စားသောက်ဆိုင် နှင့် ဆိုင်ခန်းများ၏  ယာဉ်ရပ်ရေးနှင့်ဝင်ထွက်ရန် အခက်တွေ့ 
ဧပြီ 13, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်က ထိုင်းကုမ္ပဏီထံမှ ငှားရမ်းကာလသက်တမ်းမစေ့ဘဲ ပြန်သိမ်းပြီး လုပ်ကိုင်ခွင့်ပြန်ချပေးထားသည့် ကုမ္ပဏီအသစ်က ကုန်တိုက်လုံခြုံရေးအတွက်ဟုဆိုကာ ၂၀၂၂ ခုနှစ် ဧပြီလ (၁၂) ရက်နေ့က သံပြားတံခါးကာလိုက်သဖြင့် လက်ရှိဆိုင်ခန်းများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

"ကုန်တိုက်က သူတို့ဖျက်မှာပဲလေ။ အဲဒါ ဘာကို လုံခြုံရေးအတွက် တံခါးလာလုပ်လဲ မသိဘူး။ တံခါးလုပ်ပြီး ညနေ (၆)နာရီမှာ ပိတ်လိုက်တော့ သူများစားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်လည်း အဆင်မပြေတော့ဘူး။ ဆိုင်ခန်းတွေက လူနေတော့ ဆိုင်ကယ်တွေလည်း ထွက်မရတော့ဘူး။ တံခါးပိတ်မယ်ဆိုတာလည်း ဆိုင်ခန်းတွေကို ကြိုအသိမပေးဘဲ လုပ်သတဲ့။ သူတို့ အစည်းအဝေးခေါ်တုန်းကတော့ ကုမ္ပဏီက ဆောက်ခွင့်ရပြီဆိုရင် ဆိုင်ခန်းတွေဖယ်ပေးဖို့ တစ်လကြိုပြောပါမယ် ပြောထားတာတဲ့။ အခု ဆိုင်ခန်း ဖယ်ရသေးတာလည်း မဟုတ်ဘူး။ အခုလို လုပ်လိုက်တော့ သူများစီးပွား ဖျက်ဆီးသလို ဖြစ်တာပေါ့"ဟု အမည်မဖေါ်လိုသူ အမျိုးသားတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဝင်ပေါက်အား ည(၆)နာရီတွင် ယခုလို ပိတ်ထားစဉ်

တာချီလိတ်မြို့လယ် လမ်းမကြီးဘေးရှိ ရှမ်းရိုးမကုန်တိုက်ကို ရီဂျီနားဟိုတယ်နှင့် ဂေါက်ကွင်းလုပ်ကိုင်ခွင့်ရသည့် ထိုင်းကုမ္ပဏီတစ်ခုအား စစ်တပ်ကငှားရမ်းပေးထားရာမှ ငှားရမ်းသက်တမ်းမပြည့်ဘေးဘဲ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်တွင် ပြန်လည်ရယူလိုက်ပြီး တာချီလိတ်မှ စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူအား လုပ်ကိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်သည်။

လုပ်ကိုင်ခွင့်ရ BLF ကုမ္ပဏီက ပြီးခဲ့သည့်လအတွင်းက အဆိုပါကုန်တိုက်ဝန်းအတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းပိုင်ရှင်များကို တာချီလိတ်မြို့ အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသည့် UBL (ဦးဘိုလေး)ကုမ္ပဏီရုံးခန်းတွင် အစည်းအဝေးခေါ်ယူကာ ၎င်းအနေဖြင့် မြို့သာယာရေးအတွက် ကုန်တိုက်အဆင့်မြှင့်တင်ရေးကို လုပ်ကိုင်ခြင်းဖြစ်ပြီး လက်ရှိဆိုင်ခန်းများ ရွှေ့ပြောင်းရမည့်အချိန်တွင် တစ်လကြိုတင်အသိပေးမည်ဟု ပြောထားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကုန်တိုက်နေရာတွင် ဆိုင်ခန်းများ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်း (၂၀)နီးပါးရှိနေပြီဖြစ်ပြီး ယမန်နေ့က ကုန်တိုက်ဝန်းနေရာကို ခြံတံခါးလုပ်၍ သော့ခတ်လိုက်သဖြင့် ညပိုင်းရောင်းချသည့် စားသောက်ဆိုင်များသို့ လာရောက်သည့်ဧည့်သည်များ ယာဉ်ရပ်နားရမည့်နေရာ အခက်အခဲဖြစ်သွားသည့်အပြင် ဆိုင်ခန်းများတွင် နေထိုင်သူများပါ အဝင်အထွက်လုပ်၍ မရတော့ဘဲ အခက်တွေ့သွားကြခြင်းဖြစ်သည်ဟု သိရသည်။

ရှမ်းရိုးမကုန်တိုက်

ရှမ်းရိုးမကုန်တိုက်ကို လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီက အထပ်မြင့်အဆောက်အဦဆောက်မည်ဖြစ်ပြီး မူလဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ဆောက်လုပ်ပြီးစီးချိန် ကာလတန်ဖိုးဖြင့် ဆိုင်ခန်းများ ပြန်လည်ဝယ်ယူကြရမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါနေရာတွင် ကာစီနိုဖွင့်မည်ဟု သတင်းများလည်း ထွက်နေသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိသေးဘဲ အဆိုပါ ကုန်တိုက်အား ဖျက်ပြီး ဆောက်လုပ်မည့်အခြေအနေများကို Tachileik News Agency သို့ မပြောရန် ဆိုင်ခန်းပိုင်ရှင်များအား လုပ်ကိုင်ခွင့်ရ BLF ကုမ္ပဏီက ဖိအားပေးမှုများလည်းရှိသည်ဟု သိရသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့ရှိ   ရှမ်းရိုးမကုန်တိုက်ကို ငှားရမ်းသူလက်ထဲကနေ စစ်တပ်က သက်တမ်းမစေ့ဘဲ ပြန်သိမ်း၊ အမည်ခံလုပ်ငန်းရှင်တစ်ဦးကို လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေဟု သတင်းထွက်