တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ရှိ စိန်တုံး နှင့် ကျောက်များ ပျောက်ဆုံး ခိုးခံရမှု

တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ရှိ စိန်တုံး နှင့် ကျောက်များ ပျောက်ဆုံး ခိုးခံရမှု

 ကျပ်သန်းပေါင်း (၁,၁၀၀)ကျော် အကုန်ကျခံကာ ရွှေသင်္ကန်းကပ်လှူမည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ကနဦးတွင် စိန်ဖူးတော် ခိုးခံရသည်ဟု သတင်းထွက်ပေါ်ပြီးနောက်  စိန်ဖူးတော်ရှိ စိန်တုံးနှင့် ကျောက်များ ခိုးခံရမှုဖြစ်ကြောင်း အတည်ပြု သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်တစ်ခုလုံး ရွှေသင်္ကန်းကပ်ရန်အတွက် ငြမ်းဆင်ခြင်းလုပ်ငန်းကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်ကနေ စတင်ပြီး မတ်လ(၁၄)ရက်နေ့အထိ လုပ်ဆောင်ပြီးနောက် ငြမ်းဆင်မှုအခြေအနေမှာ စိန်ဖူးတော်အထိ ရောက်ရှိပြီးစီးသည်အတွက် မတ်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းတွင် စိန်ဖူးတော်အား ဖြုတ်ယူပြီး တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စေတီတော်တွင် ရွှေသင်္ကန်းကပ်နေစဉ်အတွင်း စိန်ဖူးတော်အား ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ရေးအတွက် နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ပို့ဆောင်ရာမှ စိန်ဖူးတော်၏ အနေအထားကို ဂေါပကအဖွဲ့နှင့် အလှူရှင်များ ကြည့်ရှုစစ်ဆေးကြည့်ရာ ပျောက်ဆုံး ခိုးခံရသည့် အခြေအနေများကို သိရှိရခြင်း ဖြစ်ကြောင်း သိရသည်။ 

"စိန်ဖူးတော်ရဲ့ ထိပ်ဆုံးမှာ စိန်မရှိတော့တာကို အရင်တုန်းက စိန်ဖူးတော်မှာ  စိန်လှူထားတဲ့ အလှူရှင်မိသားစုက အရင်သိလိုက်တာ။ ဖြစ်ချင်တော့ အဲ့ဒီအလှူရှင်ကလည်း နဂါးနှစ်ကောင်ကျောင်းတိုက်မှာ အလှူကိစ္စနဲ့ ရောက်နေတာနဲ့ ကြုံကြိုက်သွားတဲ့သဘောပဲ။ အဲ့ဒါနဲ့ ကြည့်လိုက်တော့ သူလှူထားတဲ့ စိန်မရှိတော့ဘူးဆိုတာကို တွေ့ရတာပေါ့။ အဲ့ဒါနဲ့ စိန်ဖူးတော်ကို ကြည့်ရှုစစ်ဆေးကြည့်လိုက်တော့ စိန်ဖူးတော်ရဲ့ ထိပ်ဆုံးမှာ လှူဒါန်းထားရှိတဲ့ အလေးချိန် (၁၀)ကာရက်လောက်ရှိတဲ့ စိန်တုံးနဲ့ စိန်ဖူးတော် ပတ်လည်က ကျောက်တော်တော်များများ မရှိတော့တာကို တွေ့ရတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

စိန်ဖူးတော်၏ ထိပ်ဆုံးတွင် လှူဒါန်းထားရှိပြီး ပျောက်သွားသည့် စိန်တုံး အလေးချိန်မှာ (၁၀)ကာရက်  ဝန်းကျင်ရှိကြောင်းနှင့် စိန်ဖူးတော်ပတ်ချာလည်တွင် ထည့်ထားသည့် ကျောက်မျက်ရတနာများအနက် ကျောက်(၁၅)လုံးကျော်လည်း မရှိတော့ကြောင်း သိရသည်။

"စိန်ဖူးတော်ရဲ့ ထိပ်က စိန်ဖူးလေးကနေရာမှာ လေအရှိန်ကြောင့် ငှက်တွေရဲ့ ဒဏ်ကြောင့် ကျိုးပဲ့သွားတဲ့ အနေအထားမဟုတ်ဘဲ ချိုးဖဲ့ ဖျက်ဆီးထားတဲ့ အနေအထားကို တွေ့ရတယ်။ စိန်ဖူးတော်မှာ ကပ်လှူထည့်ထားတဲ့ ရတနာတွေကို အလွယ်တကူ မပျက်စီးအောင် လေဒဏ်၊ မိုးဒဏ်၊ ငှက်ဒဏ်တွေ ခံနိုင်အောင် စီမံပြီး လုပ်ထားတာ။"ဟု ပန်းထိမ်အကြောင်း နားလည်သူ တစ်ဦးက ပြောပြသည်။ 

စိန်ဖူးတော်တွင် စိန်တုံး နှင့် ကျောက်များ ပျောက်ဆုံးနေမှုများနှင့် ပတ်သက်၍ ဖြုတ်ယူခိုးခံရခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် နားလည်တတ်ကျွမ်းသည့် ပန်းထိမ်ပညာရှင်များနှင့်လည်း စစ်ဆေးခိုင်းသင့်သည်ဟု ၎င်းက အကြံပြုထားသည်။

ဂေါပကအဖွဲ့၏ တာဝန်ပေးမှုအရ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဝေယျာဝစ္စအဖွဲ့မှ ဦးဝင်းနိုင်က စေတီအပေါ်ထိ တက်ရောက်ကာ စိန်ဖူးတော်အား ဖြုတ်ယူပြီး လွယ်အိတ်အတွင်းသို့ ထည့်ကာ ငှက်မြတ်နားတော်အား ရွှေသင်္ကန်းကပ်လှူရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် စွယ်တော်ဦး ကုမ္ပဏီဝန်ထမ်း (၁၂)ဦးနှင့်အတူ လက်ဆင့်ကမ်း၍ အောက်သို့ ပို့ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

စိန်ဖူးတော်၏ ထိပ်ဆုံးရှိ စိန်တုံးနှင့် ကျောက်များ ပျောက်နေမှုကို နဂါးနှစ်ကောင်ကျောင်းတိုက်ရောက်မှသာ အလုံးစုံသိရှိရခြင်းဖြစ်သည့်အတွက် ထိုစဉ်မှသာ ရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စိန်ဖူးတော် တက်ရောက်ဖြုတ်ပေးခဲ့သူ  တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဝေယျာဝစ္စအဖွဲ့မှ ဦးဝင်းနိုင် နှင့် ရွှေသင်္ကန်းကပ်လှူရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် စွယ်တော်ဦး ကုမ္ပဏီမှ   ဦးဇော်မျိုးဦး အပါအဝင် (၁၂)ဦးကို တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်၊။