ရှင်ဥက္ကဌ၏ လူသေလူဖြစ် ဝါဒ စာအုပ်ကို  ပုံနှိပ်ထုတ်ဝေမှုဖြင့် လုပ်ငန်းလိုင်စင် (၂)ခု ရုပ်သိမ်း

ရှင်ဥက္ကဌ၏ လူသေလူဖြစ် ဝါဒ စာအုပ်ကို  ပုံနှိပ်ထုတ်ဝေမှုဖြင့် လုပ်ငန်းလိုင်စင် (၂)ခု ရုပ်သိမ်း
ဧပြီ 13, 2022 | အခြားဒေသများ

 ထုတ်ဝေ ဖြန့်ချိခွင့် ပိတ်ပင်ထားသည့် ရှင်ဥက္ကဌ၏ လူသေလူဖြစ် ဝါဒ စာအုပ်ကို ပုံနှိပ်ထုတ်ဝေ၍ ဟုဆိုကာ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခြင်းလုပ်ငန်း နှင့် ပုံနှိပ်ခြင်းလုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းလိုက်ကြောင်း ၂၀၂၂ခုနှစ် ဧပြီလ(၁၃)ရက်နေ့တွင် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာကနေ တဆင့် ကြေညာထားသည်ကို တွေ့ရသည်။

ထုတ်ဝေခွင့်ရရှိထားသည့် ဦးလှတိုး(ရန်အောင်စာပေတိုက်) နှင့် ပုံနှိပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ဒေါ်ကြည်ပြာသွယ်(ဝင်းတိုးအောင် ပုံနှိပ်တိုက်)တို့အား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)ပါ စည်ကမ်းချက်များကို မလိုက်နာ၍ဟုဆိုကာ လုပ်ငန်းလိုင်စင် (၂)ခုကို ၂၀၂၂ခုနှစ် ဧပြီလ(၇)ရက်နေ့က စပြီး ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ကြေညာထားခြင်း ဖြစ်သည်။



ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)တွင်  ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာ တစ်ရပ်ရပ်တွင် အကျုံးဝင်သော ထုတ်ဝေစာ များကို ပုံနှိပ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းမပြုရဟု ပြဌာန်းထားပြီး အဆိုပါ ဥပဒေသည် ဦးသိန်းစိန် အစိုးရလက်ထက်  ၂၀၁၄ခုနှစ် မတ်လ(၁၄)ရက်နေ့ကတည်းက ပြဌာန်းထားသည့် ဥပဒေ ဖြစ်သည်။

ရှင်ဥက္ကဌသည် ဗုဒ္ဓဝါဒနှင့်ဆန့်ကျင်သည့် လူသေ လူဖြစ် စာအုပ်ကို ၁၉၅၈ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ပြီး အဆိုပါ စာအုပ်ထဲတွင် ရှင်ဥက္ကဌသည် ဘုရားဟော ဒေသနာတော်လာ (၃၁)ဘုံအနက် မျက်မြင် လူ့ဘုံ နှင့် တိရစ္ဆာန်ဘုံ (၂)ဘုံကိုသာ လက်ခံပြီး ကျန်(၂၉)ဘုံကို ပယ်ထားပြီး ရတနာ(၃)ပါးကို ပုတ်ခတ်စော်ကားထားသည့်အတွက် တနိုင်ငံလုံးရှိ သံဃာတော်များ အပါအဝင် ဒါယကပါ ဒါယိကာမများ အားလုံးက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာကာ ကျောင်းတိုက်မှ နှင်ထုတ်ပြီး လူဝတ်လဲစေသည်အထိ လုပ်ဆောင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

ရှင်ဥက္ကဌသည် လူဝတ်လဲပြီးသော်လည်း သင်္ကန်းပြန်ဝတ်ကာ လူသေ လူဖြစ် ဝါဒကို ပိုမို ကျယ်ပြန့်ရန်ရေးအတွက် သမ္မာဒိဌိသုတေသနဝါဒ နှင့် ရွှေအဘိဓမ္မာဝါဒများဖြင့်ပါ ဆက်လက်လုပ်ဆောင်နေသည့် အတွက် ၁၉၈၁ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် အဆိုပါ ဝါဒများအားလုံးကို အဓမ္မဝါဒအဖြစ် ကြေညာကာ ရှင်ဥက္ကဌ၏ ဝါဒ ဖြန့်ချိရေး အသင်းအဖွဲ့များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဦးစိန်လွင်က လက်မှတ်ရေးထိုးကာ အမိန့်ကြေညာချက် ထုတ်ပြန်ထားလိုက်ကြောင်း နိုင်ငံတော် သီးခြားဝိနည်းမိုရ်အဖွဲ့ အမှတ်(၂)၏ လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ ထေရဝါဒ စွယ်စုံကျမ်းစာအုပ်တွက် ဖော်ပြထားချက်များအရ သိရသည်။

ယင်းနောက်  ရှင်ဥက္ကဌ၏ လူသေလူဖြစ် ဝါဒ စာအုပ်များကို ပုံနှိပ်ထုတ်ဝေသူများကို အရေးယူခံရမည်ဟုကြေညာလိုက်ပြီးပြီး အရေးယူမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။