ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်နေသည့် လမ်းကိုဖြတ်သန်းလာသည့် အရပ်သားကားကို စစ်ကောင်စီတပ် ပစ်ခတ်ရာ နှစ်ဦးသေပြီး ဆယ့်ကိုးဦး ဖမ်းဆီးခံထားရ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်နေသည့် လမ်းကိုဖြတ်သန်းလာသည့် အရပ်သားကားကို စစ်ကောင်စီတပ် ပစ်ခတ်ရာ နှစ်ဦးသေပြီး ဆယ့်ကိုးဦး ဖမ်းဆီးခံထားရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မြစိမ်းရောင်လမ်းမ(ပုလိန်-ခလယ်လမ်း)ပေါ်၌ တိုက်ပွဲဖြစ်နေချိန် ဖြတ်သန်းလာသည့် အရပ်သားကားကို စစ်ကောင်စီတပ်က ပစ်ခတ်ရာ အရပ်သား (၂)ဦး သေဆုံးပြီး (၁၉)ဦး ဖမ်းဆီးခံထားရကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့က စစ်ကောင်စီတပ် စကခ(၁၉)လက်အောက်ခံ ခလရ(၆၂)၊ ခမရ(၅၈၈)၊ တပ်မ (၂၂)လက်အောက်ခံ ခမရ(၂၁၀)၊ ခမရ (၂၀၉)၊ တပ်မ(၄၄)လက်အောက်ခံ ခလရ(၂)တပ်များ စစ်ကြောင်းထိုးဝင်လာရာ KNLAတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဉ်အချိန်အတွင်း ခရီးသည်တင်ယာဉ် တစ်စီး ဝင်ရောက်လာခဲ့ရာ စစ်ကောင်စီဘက်က ကျည်ကွယ်ရရှိစေရန်အတွက် ကားအား ရပ်တန့်စေရန် ပစ်ခတ်ခဲ့သဖြင့် အရပ်သား(၂)ဦး သေဆုံးခဲ့ပြီး (၁၇)ဦးမှာဒဏ်ရာဖြင့် စစ်ကောင်စီက ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

၎င်းအထဲမှ အရပ်သား(၂)ဦးမှာ ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တော်လှန်ရေးတပ်များက စောင့်ရှောက်ထားသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ခရီးသည်တင်ယာဉ်ပေါ်မှ အရပ်သား(၁၅)ဦး အပါအဝင် ဇူလိုင်လ (၁၅)ရက်နေ့က ဖမ်းဆီးထားသော ပုလိန်ရွာမှ ခြံလုပ်သား(၄)ဦး စုစုပေါင်း (၁၉)ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : Red Dragon Column