စစ်ကောင်စီ၏ လေတပ်မှ တပ်ဖွဲ့ဝင်များ စစ်လေယာဉ်များနှင့်အတူ CDM ပြုလုပ်လာပါက NUG က ဒေါ်လာ(၅)သိန်း ချီးမြှင့်မည်

စစ်ကောင်စီ၏ လေတပ်မှ တပ်ဖွဲ့ဝင်များ စစ်လေယာဉ်များနှင့်အတူ CDM ပြုလုပ်လာပါက NUG က ဒေါ်လာ(၅)သိန်း ချီးမြှင့်မည်

အာဏာသိမ်းစစ်ကောင်‌စီ၏ လေတပ်သားများ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာပါက ဆုငွေ အမေရိကန်ဒေါ်လာ(၅)သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်းတစ်သောင်းချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးက ယနေ့ဧပြီလ(၇)ရက်နေ့တွင် ထုတ်ပြန်သည်။

တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန်‌ဒေါ်လာ(၃)သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း(၆၀၀၀)ချီးမြှင့်ဟု ဆိုသည်။

အကြမ်းဖက်တိုက်ခိုက်ရန် ပျံသန်း၊ ထွက်ခွါလာစဉ် လမ်းခုလတ်၌ တနည်းနည်းဖြင့် ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ(၃)သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း (၆၀၀၀)ချီးမြှင့်ဟု ထုတ်ပြန်သည်။

ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင် ဆုငွေအမေရိကန်ဒေါ်လာ(၃)သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း (၆၀၀၀) ချီးမြှင့်မည်ဟု သိရသည်။

 လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြီးစားပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန်ဒေါ်လာ(၃)သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း (၆၀၀၀)၊ တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တစ်ကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ(၁)သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း (၂၀၀၀)ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 အကြမ်းဖက်စစ်တပ်၏ လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီးနိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ(၁)သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း(၂၀၀၀)၊ မြေပြင်ထိုးစစ်တွင် အသုံး ပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင် သို့ ခိုလှုံလာလျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ(၁)သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း(၂၀၀၀)ချီးမြှင့်မည်ဟု သိရသည်။

ဒါ့အပြင် တင့်ကား၊ သံချပ်ကာယာဉ်များအား လုံးဝပြန်လည်အသုံး ပြု၍ မရသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ(၁)သိန်း သို့မဟုတ် မြန်မာ ကျပ်ငွေ သိန်း(၂၀၀၀) ချီးမြှင့်မည်ဖြစ်ပြီး ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိကြောင်း ထုတ်ပြန်သည်။