ဗာတီကန်စီးတီးအနီး ပြိုကျခဲ့သည့် ဥမင်လှိုဏ်ခေါင်းအတွင်းမှ သံသယ ဘဏ်ဓားပြကို ကယ်ထုတ်ခဲ့ရ

Photo: AFP
Photo: AFP
ဗာတီကန်စီးတီးအနီး ပြိုကျခဲ့သည့် ဥမင်လှိုဏ်ခေါင်းအတွင်းမှ သံသယ ဘဏ်ဓားပြကို ကယ်ထုတ်ခဲ့ရ
သြဂုတ် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

အီတလီနိုင်ငံ ဗာတီကန်စီးတီးအနီး ပြိုကျခဲ့သည့် ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်းမှ အမျိုးသားတစ်ဦးကို ကယ်ထုတ်ခဲ့ရကြောင်းနှင့် ၎င်းမှာ ဘဏ်တစ်ခုသို့သွားရန် မြေတွင်းတူးနေခဲ့သူဖြစ်မည်ဟု ရဲတပ်ဖွဲ့က သံသယရှိကြောင်း သိရသည်။ 

ပြိုကျသွားသည့် ဥမင်လှိုဏ်ခေါင်းအတွင်းမှ ထိုအမျိုးသားကို ကယ်ထုတ်ရန် မီးသတ်သမားများက (၈) နာရီကြာ လုပ်ဆောင်ခဲ့ရပြီး ၎င်းမှာ ယခုအခါ ဆေးရုံတွင် ပြန်ကောင်းလာနေပြီဟု ဆိုသည်။

သို့သော် ထိုအမျိုးသားမှာ နောက်ထပ် ပြဿနာများမှလွတ်မြောက်ရန် ကိုယ်တိုင် ကြိုးပမ်းရနိုင်ပြီး ရဲတပ်ဖွဲ့က ၎င်းနှင့် ဒုတိယအမျိုးသားတစ်ဦးကို ပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှုဖြင့် ဖမ်းဆီးထားသည်။ 

ရဲအရာရှိများက ဥမင်လှိုဏ်ခေါင်းထဲမှ ကယ်ထုတ်ခဲ့ရသည့် အမျိုးသားမှာ ဘဏ်တစ်ခုကို ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းနေသည့် ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်ဖြစ်နိုင်ကြောင်း ယူဆထားသည်။

ဥမင်လှိုဏ်ခေါင်းပြိုကျရာ နေရာကနေ ထွက်ပြေးရန်ကြိုးပမ်းခဲ့ပြီးနောက် အစိုးရအရာရှိတစ်ဦးကို အတိုက်အခံလုပ်မှုအတွက် နောက်ထပ် အမျိုးသား (၂) ဦးကို ဖမ်းဆီးခဲ့ကြောင်း Rai News က ဖော်ပြသည်။ 

ဥမင်လှိုဏ်ခေါင်းပြိုကျပြီးနောက် အမျိုးသား (၄) ဦးအနက် (၃) ဦးက ထွက်ပြေးလွတ်မြောက်ခဲ့ကြပြီး နောက်ဆုံးကျန်ရှိသည့် အမျိုးသားမှာ မြေအောက်အနက် ပေ (၂၀) နီးပါးတွင် ပိတ်မိနေခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သူတို့က သူခိုးတွေဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ ပယ်ချမထားပါဘူး။ ဒါက သီအိုရီတွေထဲကတစ်ခုပါ" ဟု ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသားက AFP သတင်းဌာနကို ပြောခဲ့သည်။ 

ပြိုကျခဲ့သည့် ဥမင်လှိုဏ်ခေါင်းမှာ နေရာလွတ်အဖြစ် စတင်ခဲ့ပြီး အသစ်ငှားရမ်းထားသော ဆိုင်တစ်ဆိုင်ရှိကြောင်းနှင့် ဘဏ် (၂) ခုနှင့် နီးကပ်သည့် ဧရိယာအတွင်းရှိနေကြောင်း သိရသည်။

Source: BBC