ရုရှားက မာရီယူပိုးတွင် ဓာတုလက်နက်သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း သတင်းထွက်ပေါ်

ရုရှားက မာရီယူပိုးတွင် ဓာတုလက်နက်သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း သတင်းထွက်ပေါ်
By Mr John

ယူကရိန်းနိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပိုးမြို့ကို တိုက်ခိုက်အတွင်း ရုရှားတပ်ဖွဲ့တွေက ဓာတုလက်နက်များ အသုံးပြုခဲ့ကြောင်း သတင်းများနှင့်ပတ်သက်ပြီး ဆန်းစစ်နေသည်ဟု အမေရိကန်နှင့် ဗြိတိန်က ပြောသည်။ ယူကရိန်းကလည်း မာရီယူပိုးမှာ ရုရှားတပ်ဖွဲ့က ဓာတုလက်နက်သုံးခဲ့ကြောင်း သတင်းများကို စစ်ဆေးနေသည်ဟု ဆိုသည်။

မာရီယူပိုးအခြေစိုက် Azov ယူကရိန်းအထူးတပ်ဖွဲ့က ပြောကြားမှုအရ ဧပြီ (၁၁) ရက်နေ့ ရုရှားတိုက်ခိုက်မှုအတွင်း အဆိပ်သင့်ပစ္စည်းတစ်ခုကြောင့် ယူကရိန်းစစ်သားသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရုရှားက ဓာတုလက်နက်သုံးကြောင်း သတင်းများကို တာဝန်ရှိသူတွေက အရေးတကြီး စုံစမ်းစစ်ဆေးနေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပြောသည်။ ဓာတုလက်နက်သုံးခြင်းက စစ်ပွဲကို အရှိန်မြင့်စေရန် စာနာစိတ်ကင်းသည့် လုပ်ရပ်တစ်ခုအဖြစ်လည်း ၎င်းကဆိုသည်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကလည်း ဓာတုလက်နက် အသုံးပြုနိုင်ခြေအပေါ် အလွန်စိုးရိမ်စရာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်ခြင်းသည် အန္တရာယ်ကြီးသည့် စစ်ပွဲအရှိန်မြင့်မှု ဖြစ်လိမ့်မည်ဟု အနောက်အုပ်စုနိုင်ငံတွေက သတိပေးထားပြီး ရုရှားက ထိုသို့တိုက်ခိုက်ပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ကတိပြုထားကြသည်။

ဓာတုလက်နက်ကိစ္စကို မိမိတို့အစိုးရက စုံစမ်းစစ်ဆေးနေကြောင်းနှင့် အစောပိုင်း ယူဆချက်များအရ ဖော့စ်ဖရတ်ကျည် (phosphorous ammunition)  အသုံးပြုထားကြောင်း သိရှိရသည်ဟု ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး Hanna Maliar က ပြောသည်။

Donetsk မြို့ရှိ ရုရှားလိုလားသည့် ခွဲထွက်ရေးတပ်ဖွဲ့တွေကတော့ ထိုတိုက်ခိုက်မှုမျိုး မလုပ်ခဲ့ကြောင်း ဧပြီ (၁၂) ရက်တွင် ငြင်းဆိုခဲ့သည်။

Source: BBC