ဂျပန်နိုင်ငံတွင် နှစ်ပေါင်း (၁၅၀) နီးပါးအတွင်း အဆိုးဆုံး အပူလှိုင်းကြုံနေရ

 တိုကျိုမြို့၏ အပူရှိန်ကြောင့် လူများသည် အေးမြသော မြူမှုန်အောက်တွင် အနားယူနေစဉ်။ [ Photo: REUTERS ]
တိုကျိုမြို့၏ အပူရှိန်ကြောင့် လူများသည် အေးမြသော မြူမှုန်အောက်တွင် အနားယူနေစဉ်။ [ Photo: REUTERS ]
ဂျပန်နိုင်ငံတွင် နှစ်ပေါင်း (၁၅၀) နီးပါးအတွင်း အဆိုးဆုံး အပူလှိုင်းကြုံနေရ
By Mr John

 ဂျပန်နိုင်ငံတွင် ၁၈၇၅ ခုနှစ်နောက်ပိုင်း အဆိုးဆုံး အပူလှိုင်းကို ကြုံနေရပြီး အပူဆုံးနေ့ရက်များကို ဖြတ်သန်းနေကြရကြောင်း သိရသည်။ 

အပူချိန်များ မြင့်တက်မှုကြောင့် အစိုးရတာဝန်ရှိသူတွေက ဓာတ်အားသုံးစွဲမှုလည်း မြင့်တက်လာပြီး ဓာတ်အားပြတ်တောက်မှုများ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ 

ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဓာတ်အားသုံးစွဲမှု လျှော့ချကြရန်လည်း ဂျပန်အစိုးရက တိုက်တွန်းထားသည်။

သို့သော် အပူဒဏ်ကြောင့် ဆေးရုံတက်ရမှုများ များပြားလာရာ အစိုးရက အပူဒဏ်ကာကွယ်ရန်အတွက် လေအေးပေးစက်များ အသုံးပြုကြရန်လည်း အကြံပြုနေဆဲဟု ဆိုသည်။ 

ဂျပန်မိုးလေဝသအရာရှိများ၏ အဆိုအရ လာမည့် ရက်များအတွင်း ဆက်လက်ပူနေမည်ဟု သိရသည်။ 

လူသားများကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုက ကာလပိုမိုရှည်ကြာပြီး ပြင်းထန်သည့် အပူလှိုင်းများကို ပိုမိုကြုံလာရစေသည်ဟု ဆိုသည်။

ကမ္ဘာ့အပူချိန်မှာ စက်မှုခေတ်စတင်ချိန်နောက်ပိုင်း (၁.၁) ဒီဂရီဆဲလ်စီးယပ် မြင့်တက်နေခဲ့ပြီးဖြစ်ရာ ကမ္ဘာတဝန်း အစိုးရများအနေဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုများ သိသာစွာ လျှော့ချခြင်းမရှိပါက အပူချိန်များ ဆက်လက် မြင့်တက်နေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောထားသည်။ 

ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့၏ အပူချိန်မှာ ဇွန်လ (၂၉) ရက်တွင်လည်း (၃၅) ဒီဂရီဆဲလ်စီးယပ်အထက်သို့ (၅) ရက်ဆက်တိုက်အဖြစ် မြင့်တက်နေခဲ့ရာ ၁၈၇၅ ခုနှစ်တွင် စတင်မှတ်တမ်းတင်ခဲ့ချိန်နောက်ပိုင်း ဇွန်လတွင် အဆိုးဆုံး ပူပြင်းသည့်ရာသီဥတုဖြစ်ကြောင်း သိရသည်။

ထိုအတောအတွင်း တိုကျိုမြို့၏ အနောက်မြောက်ဘက်ရှိ Isesaki မြို့တွင် အပူချိန် (၄၀.၂) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ရာ ဂျပန်နိုင်ငံအတွက် ဇွန်လတွင် အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့သည်။ 

ပုံမှန်အားဖြင့် ဇွန်လသည် ဂျပန်အတွက် မိုးရာသီအဖြစ် မှတ်ယူထားသော်လည်း ဂျပန်မိုးလေဝသဌာန Japan Meteorological Agency (JMA) က တိုကျိုနှင့် ပတ်ဝန်းကျင်ဒေသများအတွက် မိုးရာသီကုန်ဆုံးပြီဖြစ်ကြောင်း ဇွန်လ (၂၇) ရက်နေ့တွင် ကြေညာခဲ့သည်။

JMA ၏ ကြေညာမှုအရ မိုးရာသီကုန်ဆုံးချိန်မှာ ပုံမှန်ထက် (၂၂) ရက် ပိုစောခဲ့ကြောင်းနှင့် ၁၉၅၁ ခုနှစ်နောက်ပိုင်း မိုးရာသီကာလ အစောဆုံး ကုန်ဆုံးမှုဖြစ်လာခဲ့သည်။ ဂျပန်တွင် အပူချိန်မြင့်တက်ပြီး အလွန်ပူပြင်းနေရာ အပူဒဏ်ကြောင့် ဆေးရုံရောက်သူ (၇၆) ဦးရှိခဲ့သည်ဟု အရေးပေါ်ဌာနက ဆိုသည်။

Source: BBC