ဆံပင်များသုံးပြီး ပုံတူပန်းချီ ဖန်တီးနေသည့် ဖိလစ်ပိုင်ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အနုပညာ သမား

Photo: reuters
Photo: reuters
ဆံပင်များသုံးပြီး ပုံတူပန်းချီ ဖန်တီးနေသည့် ဖိလစ်ပိုင်ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အနုပညာ သမား
By Mr John

ဆံပင်ဖြတ်စများဖြင့် ပုံတူပန်းချီများ ဖန်တီးနေသည့် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး၏ အနုပညာလက်ရာက အံ့မခန်းစရာဖြစ်သည်။ မနီလာမြို့ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကို ပူးတွဲပိုင်ဆိုင်ထားသည့် ဂျက်စ်တိုနီ ဂါစီယာက လျှပ်စစ်ဆံပင်ညှပ်စက်ဖြင့် ကိုယ့်ဘာသာ ဆံပင်ညှပ်နေခြင်းမျှသာမဟုတ်ဘဲ အနုပညာပစ္စည်းတွေကို ရိတ်သိမ်းရယူနေခြင်းဟု ဆိုသည်။

 ဖိလစ်ပိုင်ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အနုပညာ သမား ဂျက်စ်တိုနီ ဂါစီယာ

ဆံပင်ပိုင်းအစများဖြင့် အဆိုတော်နှင့် သရုပ်ဆောင်များ၏ ပုံတူပန်းချီတွေကို ဖန်တီးရာမှာ (၂) နာရီကနေ (၅) နာရီ အချိန်ယူရလေ့ရှိကြောင်း သိရသည်။ ဂါစီယာက ဆံပင်အပိုင်းအစတွေကို ကင်းဗတ်စပေါ်တွင် ကော်ဖြင့်ကပ်ပြီး ပုံတူပန်းချီများ ဖန်တီးခြင်းဖြစ်ရာ အလွန်အနုစိတ်သည့် အနုပညာလက်ရာ ဖန်တီးမှုတစ်ခုလည်း ဖြစ်သည်။



အသက် (၃၂) နှစ်အရွယ် ဂါစီယာ၏ အဓိက အသက်မွေးဝမ်းကျောင်းအလုပ်က တစ်နှစ်လျှင် ရှစ်လကြာအထိ အပျော်စီးသင်္ဘောပေါ်တွင် အချိန်ကုန်ရသည့် သင်္ဘောသားအလုပ်ဖြစ်သည်။ သင်္ဘောပေါ်တွင်ရှိနေစဥ် ပန်းချီဆွဲရန် ဆေးရောင်စုံကဲ့သို့ အနုပညာဆိုင်ရာပစ္စည်း မလုံလောက်မှုကို ဂါစီယာ ကြုံခဲ့ရသည်။ ထို့နောက် ၂၀၂၁ ခုနှစ်တွင် ဂါစီယာက ၎င်း၏ဆံပင်ကို အသုံးပြုပြီး ပန်းချီကားများ စတင်ဖန်တီးလာခဲ့ကြောင်း သိရသည်။

ဂါစီယာက ဆံပင်များဖြင့် ၎င်း၏ ပုံတူပန်းချီတွေကို စတင်ဖန်တီးခဲ့ပြီး နောက်ဆုံးမှာတော့ အောင်မြင်ကျော်ကြားသူတို့၏ ပုံတူပန်းချီတွေကို ဖန်တီးလာခဲ့သည်။ ၎င်း၏ ဆံပင်ညှပ်ဆိုင်မှာထက် သင်္ဘောတစ်စီးနှင့်အတူ ပင်လယ်ထဲရောက်နေချိန်ပိုများသည့် ဂါစီယာက ၎င်း၏ဆံပင်ကိုသာ အသုံးပြုပြီး ပုံတူပန်းချီတွေ ဖန်တီးလေ့ရှိသည်။ တခါတရံ ပုံတူပန်းချီ ဖန်တီးရန် ပစ္စည်းထပ်မံလိုအပ်ချိန်တွင် ဂါစီယာက ၎င်း၏ နားသယ်မွေးများကိုရိတ်ပြီး အသုံးပြုလေ့ရှိသည်ဟု ဆိုသည်။

သင်္ဘောသားတစ်ဦးဖြစ်သည့်အလျောက် ရေလမ်းခရီးရှည်ကြီးကြောင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင် ကျန်းမာရေးထိခိုက်မှုရှိနိုင်ရာ ယခုကဲသို့ ပုံတူပန်းချီ အနုပညာလက်ရာများ ဖန်တီးမှုက ၎င်း၏ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေကြောင်း ဂါစီယာက ဖွင့်ဟခဲ့သည်။



ကျွန်တော်တို့က စိတ်ဓာတ်ကျ စိတ်ဖိစီးတာကို ရင်ဆိုင်ဖြေရှင်းဖို့ ထွက်ပေါက်တစ်ခုလိုပါတယ်။ ကျွန်တော့်အတွက် ကျွန်တော့်ရဲ့ထွက်ပေါက်ကတော့ အနုပညာဖန်တီးမှပါပဲ

ဟု ဂါစီယာက ပြောသည်။

ဂါစီယာက ၎င်း၏ ဆံပင်ပန်းချီကားတွေကို နောက်ဆုံးမှာ ရောင်းချသွားမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။



Source: Reuters