နွေဦးတော်လှန်ရေးတွင် မပါဝင်သော်လည်း အဖိနှိပ်ခံ ညီနောင်တိုင်းရင်းသားများနှင့် အမြဲရပ်တည်ကြောင်း AA ပြောဆို

နွေဦးတော်လှန်ရေးတွင် မပါဝင်သော်လည်း အဖိနှိပ်ခံ ညီနောင်တိုင်းရင်းသားများနှင့် အမြဲရပ်တည်ကြောင်း AA ပြောဆို

ရက္ခိုင့်တပ်တော်(AA)အနေဖြင့် နွေဦးတော်လှန်ရေးတွင် မပါဝင်‌သော်လည်း အခြားအဖိနှိပ်ခံ ညီနောင်မဟာမိတ်များ ညီနောင်တိုင်းရင်းသားများနှင့်အတူ အမြဲရပ်တည်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေအရပ်ရပ်ကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။ ဆိုတော့ နွေဦးတော်လှန်ရေးမှာ မပါတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က အရင်ကလည်း ပြောပြီးပြီဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရက္ခိတလမ်းစဉ်ရှိနေပြီဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာတော့ ပြည်မ နိုင်ငံရေး ရေစီးကြောင်းထဲမှာ မပါဝင်ခြင်း ဖြစ်ပါတယ်။

ဟု ခိုင်သုခက ပြောသည်။

ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ(၅)ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်ပြီး ‌နွေဦးတော်လှန်ရေးတွင် မပါဝင်ခြင်းမှာလည်း AA သည် ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်နေခြင်းကြောင့်ဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း လုံးဝအဆက်ဖြတ်ထားတာမျိုးမဟုတ်ဘဲ မြန်မာပြည်မထဲရှိ ပြည်သူများ၏ နိုင်ငံရေးလှုပ်ရှားမှု အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ်အမြဲတမ်းစောင့်ကြည့်ကာ အလုပ်လုပ်နေသည်ဟု ဆိုသည်။ 

နွေဦးတော်လှန်ရေးမှာ ရက္ခိုင့်တပ်တော်(AA)အနေနဲ့ တရားဝင်ပါဝင်ခြင်း၊ မပါဝင်ခြင်းဆိုတာထက် ဘယ်သူက ဘယ်အလုပ်ကို လုပ်ခဲ့လဲဆိုတာကို မကြာခင်အချိန်ကာလမှာ ကျွန်တော်တို သမိုင်းက အဆုံးအဖြတ်ပေးဖို့ ကိစ္စဖြစ်ပါတယ်။ တချို့ကိစ္စတွေက ပါးစပ်နဲ့ ပြောရဖို့ကိစ္စရှိတယ်။ တချို့ကလည်း ပြောစရာမလိုဘဲနဲ့ ဥပမာ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို ဇောက်ချပြီးတော့ လုပ်ကိုင်နေဖို့လိုပါတယ်။

ဟု ခိုင်သုခက‌ ပြောသည်။

AA အနေဖြင့် NUG က တွေ့ဆုံလိုသည့် အကြောင်းကြားစာကို လက်ခံရရှိပြီး ကြိုဆိုကြောင်းနှင့် ရက္ခိုင့်တပ်တော်နေ့အခမ်းအနား ကျင်းပရေးကိစ္စများနှင့် အလုပ်ရှုပ်နေကြသဖြင့် တပ်တော်နေ့နောက်ပိုင်းမှသာ ULA ဗဟိုကော်မတီတွင် ဆွေးနွေး ဆုံးဖြတ်သွားရန်ရှိသည်ဟုလည်း ထုတ်ဖေါ်ပြောကြားထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်း

NUG ၏ ကမ်းလှမ်းချက်ကို AA က ကြိုဆိုကြောင်း ထုတ်ဖေါ်ပြောကြား