နတ်သံကွင်းတိုက်ပွဲ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်ကူလာသည့် စစ်ကောင်စီတပ်များ ပူးပေါင်းတပ်များ တိုက်ခိုက်မှုကြောင့် အထိနာ

နတ်သံကွင်းတိုက်ပွဲ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်ကူလာသည့် စစ်ကောင်စီတပ်များ ပူးပေါင်းတပ်များ တိုက်ခိုက်မှုကြောင့် အထိနာ

ပဲခူးတိုင်း ကျောက်တံခါး၊ ကျောက်ကြီးနှင့် နတ်သံကွင်းမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်(၁၉)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်းပိုင်းတိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသတပ်ခွဲက သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ JOC၏ ညွှန်ကြားမှုဖြင့် ဖားစည်ဟိန်းသံ နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး (နတ်သံကွင်း)ကို စတင်ခဲ့ကာ ကျောက်တံခါးမြို့နယ်ရှိ နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာ၊ ကျောက်ကြီးမြို့နယ်ရှိ လပတ်ရွာနှင့် နတ်သံကွင်းမြို့တို့ရှိ  စစ်ကောင်စီတပ်များ တပ်စွဲထားသည့်စခန်းများကို KNLA၊ PDF၊ ABSDF၊ BPLA ပူးပေါင်းမဟာမိတ်တပ်များက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

နရွဲပင်ရွာ၊ အုန်းနှဲပင်ရွာ၊ လပတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများနှင့် နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ် ကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ခမရ(၃၀၇)၊ ခမရ(၃၅၁)၊ ခလရ(၆၀) တပ်ရင်းများကိုလည်း ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ပူးပေါင်းတပ်ဖွဲ့များသည် နတ်သံကွင်းမြို့အား ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဘက်က  လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

နတ်သံကွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ပြီး အလောင်းများနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ်(၁၉)လက်နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးသူတချို့ရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ (၂၇)ရက်တွင် ပဲနွယ်ကုန်းမြို့မှ နတ်သံကွင်းမြို့ဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ် အင်အား (၁၀၀)ဝန်းကျင်ကို သဲကောကျေးရွာအနီးတွင် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သဲကောကျေးရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ရကာ နတ်သံကွင်းမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲအနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသတစ်ခုလုံးကို စစ်ဆင်ရေးတိုးမြှင့် ဆောင်ရွက်မည်ဖြစ်သဖြင့် စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီယန္တရား လည်ပတ်စေရန် ဆောင်ရွက်နေသူများအားလုံး ပြည်သူ့ဘက်သို့ ရပ်တည်ပူးပေါင်းကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency