နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi မောင်းသူကို ဓါးဖြင့် ထိုးပြီး ဆိုင်ကယ် လုယူရန် ဖြစ်ပွား

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi မောင်းသူကို ဓါးဖြင့် ထိုးပြီး ဆိုင်ကယ် လုယူရန် ဖြစ်ပွား
အောက်တိုဘာ 4, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦးကို အမည်မသိ လူတစ်ဦးက ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်လုယူရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ကယ်  Taxi သမားမှာ ရရှိသည့် ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က  အမည်မသိ အမျိုးသားတစ်ဦးသည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း အာခါဈေး ဆိုင်ကယ် Taxi ဂိတ်သို့ ရောက်ရှိလာပြီး ၎င်းအား မိုင်းကိုးကျေးရွာအုပ်စုအပိုင်း မယ်လိပါကော်ကျေးရွာသို့ လိုက်ပါ ပို့ဆောင်ပေးရန်ပြောသည့်အခါ ခရီးသည်ပို့ဆောင်ရန် အလှည့်ကျသည့် ရွှေတာချီခရီးသွားလုပ်ငန်း၏ ဆိုင်ကယ် Taxi ကျောနံပါတ် (၈၃၅)ဖြစ်သူ ကိုဇော်လင်းဦးက လိုက်ပါ ပို့ဆောင်ပေးကြောင်း သိရသည်။

အဆိုပါ ခရီးသည်အား အာခါဈေး ဆိုင်ကယ် Taxi ဂိတ်ကနေ စတင်၍ ထွက်ခွာပို့ဆောင်ပေးနေရင်း မယ်လိပါကော်ကျေးရွာသို့ မရောက်မီ တံတားအသစ်နေရာအနီး အရောက်တွင် ခရီးသည် အမျိုးသားက ၎င်းတွင် ပါလာသည့် ဓါးအား ထုတ်လိုက်ချိန် ဆိုင်ကယ်မောင်းသူက သတိထားသိရှိ တွေ့သွားပြီးနောက် "ဘာလုပ်တာလဲ"ဟု မေးလိုက်ချိန်၌ ဆိုင်ကယ်မောင်းသူမှာ နောက်ကျောကို ဓါးဖြင့် တစ်ချက်ထိုးလိုက်သည့်အတွက် ဆိုင်ကယ်အား လှဲချလိုက်ပြီး ပြန်လည်လုံးထွေးခုခံတိုက်ခိုက်ရာမှ လည်ပင်း(မေးစေ့အောက်)တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ် Taxi မောင်းသူ ကိုဇော်လင်းဦးသည် လက်ရှိတွင် နောက်ကျောနှင့် မေးစေ့အောက်တို့တွင် ဓါးဒဏ်ရာတို့ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း နှင့် ပြန်လည်ခုခံ တိုက်ခိုက်နိုင်လိုက်သည့်အတွက် ဓါးဖြင့်ထိုးသူမှာ ၎င်းပစ်မှတ်ထားသည့် ဆိုင်ကယ် မယူဆောင်သွားနိုင်တော့ဘဲ နီးစပ်ရာ လယ်ကွင်းထဲသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ရွှေတာချီလူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

 ကိုဇော်လင်းဦးသည် အခင်းဖြစ်ပွားရာနေရာကနေ ရရှိသည့် ဒဏ်ရာများဖြင့် မဖြစ်ဖြစ်သည့် နည်းဖြင့် ဆိုင်ကယ်ကို ပြန်လည်မောင်းနှင်လာပြီးနောက် ဖန်မင်ကျေးရွာအုပ်စုအပိုင်းရှိ မယ်ယန်းဆေးခန်းအနီးသို့ အရောက်တွင် ရွှေမယ်ယန်း ပရဟိတ လူမှူကူညီရေးအသင်းက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာ နေရာအနီးတွင် ဓါးဖြင့်ထိုးသူအား လိုက်လံရှာဖွေသော်လည်း မတွေ့ရကြောင်း သိရသည်။



တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi မောင်းသူများ ယခုလို ဖြစ်စဉ်မျိုး ယခင်ကလည်း ဖြစ်ခဲ့ဖူးပြီး ၂၀၂၃ခုနှစ် ဧပြီလ(၄)ရက်နေ့ ညပိုင်းကလည်း ဖြစ်ပွားခဲ့သေးသည်။

ခိုးဆိုးလုယက်မှုများ နေ့စဉ် နီးပါး ဖြစ်ပွားနေပြီး ပြည်သူများအတွက် လုံခြုံမှုမရှိတော့သည့် တာချီလိတ်မြို့တွင် ရွှေတာချီလူမှုကူညီရေးအသင်းက ၎င်းတို့၏ ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် Taxi မောင်းသူများအား ဆိုင်ကယ်ပြေးဆွဲကြရာတွင် သတိရှိကြရန် ၊ ခရီးဝေးပို့ဆောင်ရပါက ဓာတ်ပုံမှတ်တမ်းယူထားကြရန်၊ ညဘက်ပြေးဆွဲရာတွင်လည်း အတင့်ရဲစွာမပို့ဆောင်ကြရန် နှင့် တတ်နိုင်လျှင် ဆိုင်ကယ်(၂)စီးဖြင့် သွားရန် ၂၀၂၃ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့က ထပ်မံအသိပေးထုတ်ပြန်ထားသေးသည်။

တာချီလိတ်မြို့တွင် ခရီးတို ပို့ဆောင်ရေးအဖြစ်   လူမှုကူညီရေးအသင်း(တာချီလိတ်)အမည်ကနေ "ရွှေတာချီလူမှုကူညီရေးအသင်း"နှင့် "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကနေ ပြောင်းလဲကာ  ဆိုင်ကယ် Taxi ပြေးဆွဲခြင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေလျက်ရှိရာ ရွှေတာချီခရီးသွားလုပ်ငန်းတွင် ဆိုင်ကယ်ဂိတ်ပေါင်း (၆၀)ကျော်ရှိပြီး ဆိုင်ကယ် Taxi ပြေးဆွဲသူ (၉၀၀)ကျော်ရှိကြောင်း သိရသည်။