(၁၀)တန်းစာမေးပွဲ ကာလအတွင်း ကျောင်းသားများ စာအေးဆေးကျက်နိုင်ရန် KTV , Club များ ပိတ်ရန် ညွှန်ကြားထားသည့် တာချီလိတ်မြို့တွင် စစ်တပ်က အသံမစဲပဋ္ဌာန်းရွတ်ပွဲ ကျင်းပ

(၁၀)တန်းစာမေးပွဲ ကာလအတွင်း ကျောင်းသားများ စာအေးဆေးကျက်နိုင်ရန် KTV , Club များ ပိတ်ရန် ညွှန်ကြားထားသည့် တာချီလိတ်မြို့တွင် စစ်တပ်က အသံမစဲပဋ္ဌာန်းရွတ်ပွဲ ကျင်းပ
ဧပြီ 1, 2022 | ရှမ်းရှေ့

 ၂၀၂၂ - ၂၀၂၃ ပညာသင်၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများ စာအေးဆေး ကျက်နိုင်ရန် KTV , Club  နှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များအားလုံး ဧပြီလ(၉)ရက်နေ့အထိ ခေတ္တပိတ်ခိုင်းထားရန် ညွှန်ကြားထားသည့် တာချီလိတ်မြို့တွင် တာချီလိတ်တပ်နယ်က အသံမစဲမဟာပဋ္ဌာန်းပွဲ ကျင်းပနေသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်၏ ရင်ပြင်ရှိ ဓမ္မာရုံတွင် ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့က စတင်ကာ ဧပြီလ(၄)ရက်နေ့အထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပနေခြင်း ဖြစ်သလို (၁၀)တန်းစာမေးပွဲကိုလည်း တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ(၃၁)ရက်နေ့က စတင်ကာ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် (၁၀)တန်း စာမေးပွဲကာလအတွင်း KTV , Club  နှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များအားလုံး ပိတ်ထားမှု ရှိမရှိကို အထူးကြပ်မတ်ဆောင်ရွက်ရန် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ရဲတပ်ဖွဲ့၊ မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားခြင်း ဖြစ်သည်ဟု သိရသည်။



တာချီလိတ်မြို့နယ်အတွင်း စာစစ်ဌာန (၃)ခုဖြစ်သည့် အထက(တာချီလိတ်)မှ ကျောင်းသား၊ကျောင်းသူ (၁၅၅)ဦး၊ အထက(တာလေ)မှ (၅၄)ဦး နှင့် အထက(ဟောင်လိတ်)တို့မှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၆၃)ဦးသာ စာမေးပွဲ ဖြေဆိုကြောင်း သိရသည်။ 

စာမေးပွဲကာလအတွင်း KTV နှင့် Club များ သတ်မှတ်ကာလအတွင်း ဖွင့်လှစ်ထားပါက မြို့မရဲစခန်း၏ စခန်းမှူး ဖုန်း  09 4004 00788 နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း နှင့် သတ်မှတ်ကာလအတွင်း ဖွင့်လှစ်မှုရှိ မရှိကို ရဲတပ်ဖွဲ့ နှင့် မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့တို့ အနေဖြင့် စစ်ဆေးမှုများ ပြုလုပ်ရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။