တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းတို့တွင် အသံတိတ် သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု လိုက်လံ ဖိအားပေး ခြိမ်းခြောက်နေ

တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းတို့တွင် အသံတိတ် သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု လိုက်လံ ဖိအားပေး ခြိမ်းခြောက်နေ
ဇန်နဝါရီ 27, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ပြီး ဆိုင်များ မပိတ်ရန် ပိတ်ပါက အရေးယူမည်ဖြစ်ကြောင်း အဖွဲ့စုံဖြင့် ဖိအားပေးကာ ခြိမ်းခြောက်မှုများကို သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် ပြန်/ဆက်ဌာန နှင့် အဖွဲ့က လိုက်လံ အသိပေးနေကြောင်း သိရသည်။

အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် စေခိုင်းသည့်အတွက် လက်အောက်ခံ ဌာနများက တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်များတွင် လိုက်လံ အော်ပြီး အသိပေးနေခြင်း ဖြစ်သည်။

မြို့နယ်များအလိုက် အသံတိတ်သပိတ် မလုပ်ဆောင်ရေး သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းထားရာတွင်  ပြန်ဆက်၊ ထွေအုပ်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းခံထားရသည့် (၁)နှစ်ပြည့် အဖြစ် ဆူပူအကြမ်းဖက်ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းသည့်နည်းဖြင့် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ နေအိမ်ပြင်ပ မထွက်ဘဲ အသံတိတ်ဆန္ဒပြမည်ဟု ပြည်သူများက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်သူမှ ပြည်သူသို့ နှိုးဆော်ထားကြရာ စစ်ကောင်စီအဖွဲ့က ယင်းသို့ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲ ဥပဒေ များအရ အရေးယူခံရနိုင်သည်ဟု ဖိအားပေး ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။

 #TachileikNewsAgency