ကျိုင်းတုံမြို့တွင် စစ်တပ်ပိုင်ကျောင်း အပါအဝင် အချို့ကျောင်းများတွင် မဖြစ်မနေ ပြည်သူဘက်က အလှည့်ကျ ကင်းစောင့်ပေးနေရ

ကျိုင်းတုံမြို့တွင် စစ်တပ်ပိုင်ကျောင်း အပါအဝင် အချို့ကျောင်းများတွင် မဖြစ်မနေ ပြည်သူဘက်က အလှည့်ကျ ကင်းစောင့်ပေးနေရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စစ်တပ်ပိုင် အထက(၅) အပါအဝင် အချို့စာသင်ကျောင်းများ၌ မဖြစ်မနေ  အလှည့်ကျ ကင်းစောင့်ခိုင်းမှုများရှိနေကြောင်း ကင်းစောင့်ခဲ့ရသူများထံက သိရသည်။



ကျောင်းတွေ လုံခြုံရေးစောင့်ရတာ ကျိုင်းတုံမှာလဲ မစောင့်မနေရ တစ်ရွာကို တစ်ပတ်မှာ နှစ်ယောက်နဲ့စောင့်ခိုင်းပါတယ်။ ကျောင်းသွားအပ်တဲ့ မိဘတွေမှမဟုတ်ဘဲ ကျောင်းသားမိဘမဟုတ်တဲ့ သူတွေကိုပါ အလှည့်ကျနဲ့စောင့်ခိုင်းပါတယ်။ ယောက်ျားသားမရှိတဲ့ အိမ်ဆိုရင်မိန်းကလေးတွေပါ စောင့်ရပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ်ပါ

ဟု အမည်မဖော်လိုသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁)ရက်နေ့တွင် ပြောသည်။

ကင်းစောင့်ပေးရသူများမှာ တစ်နေ့တာအတွက် ထမင်းများထုတ်လာရပြီး စောင့်ရမည်ဖြစ်သလို မစောင့်နိုင်ပါက လူစားထိုးရန်အတွက် ငွေကြေးပေးရမည်ဟု သိရသည်။

မစောင့်ချင်တဲ့သူဆိုရင် ပိုက်ဆံကောက်ပြီးတော့ စောင့်တဲ့သူကို ပေးရမယ်လို့ ပြောပါတယ်။ ဘယ်လောက် ကောက်မလဲဆိုတာတော့ မသိသေးဘူး။ သူတို့ပြောတာတော့ ယာယီဘဲစောင့်ရမယ်လို့ပြောပါတယ်။ အတိအကျဘယ်ချိန်ထိလဲဆိုတာတော့ မသိရပါဘူး

ဟု ၎င်းက ပြောသည်။

ကျိုင်းတုံမြို့တွင် ကျေးရွာများအလိုက် အလှည့်ကျအဖြစ် ကျောင်းများတွင် ကင်းစောင့်ပေးနေရပြီး နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ စောင့်ပေးနေရသည်မှာ ကျောင်းစတင်အပ်နှံခြင်း လက်ခံသည့် ၂၀၂၁ခုနှစ် မေလ(၂၄)ရက်နေ့က စ၍ စောင့်ပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ နည်းတူ မိုင်းဆတ်မြို့တွင်လည်း ယခုလို ကင်းစောင့်ပေးရပြီး ကင်းမစောင့်နိုင်ပါက ကျပ်(၈၀၀၀)ပေးရသူများရှိကြောင်းလည်း သိရသည်။