ရပ်စောက်မြို့တွင် အာဏာသိမ်းအဖွဲ့က ဧည့်စာရင်းစစ်သည်ဟုဆိုကာ နေအိမ်တွင်းဝင်၍ လူငယ်တစ်ဦးကို ဖမ်းဆီးသွား

ရပ်စောက်မြို့တွင် အာဏာသိမ်းအဖွဲ့က ဧည့်စာရင်းစစ်သည်ဟုဆိုကာ နေအိမ်တွင်းဝင်၍ လူငယ်တစ်ဦးကို ဖမ်းဆီးသွား
စက်တင်ဘာ 15, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် အာဏာသိမ်းအဖွဲ့က ဈေးတန်းရပ်ကွက်၌ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ ည (၁၀) နာရီခွဲဝန်းကျင်က ဧည့်စာရင်းစစ်မည်ဟုဆိုကာ အိမ်တွင်းဝင်လာပြီး လူငယ် (၁) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် ၂၈ နှစ်အရွယ် ကိုစည်သူဟိန်း (ခ) ဟိုက်ပီဆိုသူဖြစ်ပြီး နေအိမ်တွင် နေထိုင်ရင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဧည့်စာရင်းစစ်တယ်ဆိုပြီး ဖမ်းသွားတာ။ ဖုန်းလည်း သိမ်းသွားတယ်။ ဘာလို့ ဖမ်းသွားမှန်းလဲမသိဘူး။

ဟု ဖမ်းခံရသည့်လူငယ်နှင့် နီးစပ်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြပြီး သံသယရှိသူများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေလျက်ရှိသည်။