တာချီလိတ်၊ တောင်ကြီး နှင့် မူဆယ်မြို့တို့အတွက် COVID 19 RDT test kit (၁၆၀၀၀)ကို ပြည်နယ်အစိုးရမှ မှာယူထား

တာချီလိတ်၊ တောင်ကြီး နှင့် မူဆယ်မြို့တို့အတွက် COVID 19 RDT test kit (၁၆၀၀၀)ကို ပြည်နယ်အစိုးရမှ မှာယူထား
ဇန်နဝါရီ 20, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ် တောင်ကြီး၊ တာချီလိတ်နှင့် မူဆယ်မြို့များတွင် COVID 19 စစ်ဆေးလိုသူတိုင်း စစ်ဆေးမှုခံယူနိုင်ရန်အတွက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့က COVID 19 RDT test kit များ မှာယူထားကြောင်း သိရသည်။

လက်ရှိတွင် testing corner ကို တောင်ကြီးမြို့ရှိ အစိုးရအဖွဲ့ရုံးဟောင်းနေရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့က စ၍ ဖွင့်လှစ်ထားပြီး ပြည်နယ်အစိုးရက မှာယူထားသည့် test kit များရလာချိန်၌ နယ်စပ်မြို့ (၂)ခုတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အခုက testing corner လေး စပြီးစမ်းလုပ်ကြည့်တာပေါ့။ ပြည်နယ်အစိုးရက မှာထားတဲ့ အခုရေ (၁၆,၀၀၀) ရလာရင်လည်း တာချီလိတ်အတွက်က အခုရေ (၁,၀၀၀) ပါတယ်။ မူဆယ်က အခုရေ (၅,၀၀၀) ပါတယ်။ ကျန်တဲ့နေရာတွေအတွက်က (၁၀,၀၀၀) ပေါ့။ အထူးသဖြင့်တော့ မြို့ကြီးတွေကို ကျွန်တော်တို့ ဦးစားပေးလုပ်ဖို့ ရည်ရွယ်ထားတာပေါ့နော်။ လတ်တလောကတော့ တာချီလိတ်၊ မူဆယ်၊ တောင်ကြီးမှာ စမှာပေါ့။ နောက်ပိုင်းတော့ လားရှိုးတို့၊ ကျိုင်းတုံတို့လည်း ဖြစ်လာနိုင်တာပေါ့။ တစ်ဆင့်ချင်း သွားရမှာပေါ့

ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လေကြောင်းခရီးစီးနင်းမည့် ခရီးသည်များ၊ stay at home ဒေသမှ လာရောက်သည့် လေယာဉ်စီးခရီးသည်များ၊ မိမိကိုယ်ကိုသံသယရှိ၍စစ်ဆေးလိုသူများနှင့် ကုန်တင်ယာဉ်မောင်းများကို တစ်ဦးလျှင် စစ်ဆေးခ ကျပ် (၁၀,၀၀၀) ဖြင့်လည်းကောင်း၊ အတည်ပြုလူနာနှင့်ထိတွေ့သူများ၊ ကူးစက်မှုများသည့်ဒေသမှပြန်လာ၍ အသွားအလာကန့်သတ်ထားသူများကို စစ်ဆေးခ အခမဲ့ဖြင့်လည်းကောင်း ကျန်းမာရေးဌာနက စစ်ဆေးပေးနေခြင်းဖြစ်သည်။

ယင်းအပြင် မိမိကိုယ်ကို သံသယရှိ၍ စစ်ဆေးမှုခံယူလိုသူများကို စစ်ဆေးပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က testing corner များ ထပ်မံဖွင့်လှစ်ရန် စီစဉ်လာခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။