ထိုင်းလျှပ်စစ်မီးကို အသုံးပြုနေသည့် တာချီလိတ်မြို့တွင် စက်မှုဇုန်အပိုင်းဘက် နေ့စဉ် ညစာချက်ပြုတ်ချိန် မီးဖြတ်နေ၍ အဆင်မပြေ ဖြစ်နေ

ထိုင်းလျှပ်စစ်မီးကို အသုံးပြုနေသည့် တာချီလိတ်မြို့တွင် စက်မှုဇုန်အပိုင်းဘက် နေ့စဉ် ညစာချက်ပြုတ်ချိန် မီးဖြတ်နေ၍ အဆင်မပြေ ဖြစ်နေ
မတ် 17, 2022 | ရှမ်းရှေ့

ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ရယူသုံးစွဲနေသည့် တာချီလိတ်မြို့တွင် မြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက်အနက် ဆေခမ်းရပ်ကွက်အတွင်း စက်မှုဇုန်ဘက်တွင် ညနေပိုင်း သတ်မှတ်ချိန်ဖြင့် မီးဖြတ်တောက်မှုသည် ညစာချက်ပြုတ်ချိန်ဖြစ်၍ အဆင်မပြေဟု ရပ်ကွက်တွင်းနေသူ အချို့က ဆိုသည်။

ည(၆)နာရီ ဖြတ်တယ်။ ည(၈)နာရီမှ မီးလာတယ်။ ခုလို ဖြတ်တာ (၄/၅)ရက်လောက်ရှိပြီ။  မြို့ထဲတော့ တခြားရပ်ကွက်က သူဌေးများတော့ မဖြတ်ရဲဘူး ထင်ပါတယ်

ဟု ရပ်ကွက်တွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မီးအားမနိုင်၍ဟု ဆိုကာ မတ်လ(၁၃)ရက်နေ့ကစ၍ ယခုလို အချိန်ပိုင်း ဖြတ်တောက်ခြင်းဖြစ်သော်လည်း ဖြတ်တောက်မည့် အစီအစဉ်ကို လျှပ်စစ်မီးသုံးစွဲသူအား အလေးနက်ထားကာ ကြိုတင်အသိပေးခြင်းမရှိဟု ဆိုသည်။

သုံးရက်လောက် နေ့တိုင်းပုံမှန်ပျက်လို့ မီးလင်းရေးကို မေးကြည့်တော့မှ မီးအားမနိုင်လို့ အလှည့်ကြ ဖျက်မယ်ပြောတယ်

ဟု ရပ်ကွက်တွင်းနေသူက ပြောသည်။

တာချီလိတ်မြို့သည် အစိုးရလျှပ်စစ်မီးကို မှီခိုအသုံးပြုနေရခြင်း မဟုတ်ဘဲ ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကိုသာ ရယူကာ သုံးစွဲနေခြင်း ဖြစ်သလို မကြာမီကာလတွင်လည်း လာအိုလျှပ်စစ်မီးကို ရွှေတြိဂံနယ်စပ် ဝမ်ပုံဘက်ကနေ ရယူရန်အတွက်လည်း လုပ်ဆောင်နေသည်ဟု သိရသည်။