ကန်ပက်လက်တွင် တစ်လကျော်တိုက်ပွဲများပြင်းထန်ပြီးနောက် CDF Kanpetlet ၏ တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်ရ

ကန်ပက်လက်တွင် တစ်လကျော်တိုက်ပွဲများပြင်းထန်ပြီးနောက် CDF Kanpetlet ၏ တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်ရ
By Tachileik News Agency

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် CDF-Kanpetlet တို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့မှ မတ်လ( ၁၆) ရက်နေ့အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် CDF-Kanpetlet ၏ တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွတ်လိုက်ရကြောင်း သတင်းထုတ်ပြန်ထားသည်။ 

မတ်လ(၁၁)ရက်နေ့တွင် ကန်ပက်လက်မြို့မှ အင်အား (၂၀၀) ဝန်းကျင်ဖြင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရဲလောင်းပန်းရွာအထက်နား၊ ပန်းတောင်ကျောတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၃) ဦးသေကြောင်း သိရသည်။

မတ်လ(၁၃) ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက်၊ အမ်ပုံရွာအထက်ပိုင်းတွင် တပ်ဖျောက်ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF - Kanpetlet၊ CDF Mindat၊ ယောဒေသကာကွယ် ရေးတပ်ဖွဲ့ The Youth Force နှင့် Saw- PDF တို့မှ တောနင်းရှာဖွေရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ (၂)ဦးသေဆုံးခဲ့ပြီး CDF-Kanpetlet ဘက်မှရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မတ်လ(၁၄)ရက်နေ့တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ အထိအခိုက်အကျအဆုံးမသိရဟု ထုတ်ပြန်သည်။

မတ်လ(၁၅)ရက်နေ့တွင် CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw - PDF ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ စမ္မသားရွာဟောင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး CDF-Kanpetlet ဖက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း မင်းတပ်မြို့၌ အထိုင်ချသည့် ခလရ ၂၇၄ တပ်ရင်းနှင့် မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ်တို့ဖက်မှလက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် စမ္မသားရွာဟောင်းရှိ လူနေအိမ်(၉) လုံးမှာ လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းတပ်၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်မှုအား CDF-Kanpetlet သည် ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်းတို့ကြောင့်  CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။