တောင်ကြီးမြို့ရှိ  KBZ ဘဏ်ကို တိုက်ခိုက်မှုအတွင်း အနီးရှိ အရပ်သားအချို့ကပါ ဝိုင်းဝန်းဖမ်းဆီးမှုအပေါ် အလွန်ဝမ်းနည်းရကြောင်း TGF ထုတ်ပြန်

တောင်ကြီးမြို့ရှိ  KBZ ဘဏ်ကို တိုက်ခိုက်မှုအတွင်း အနီးရှိ အရပ်သားအချို့ကပါ ဝိုင်းဝန်းဖမ်းဆီးမှုအပေါ် အလွန်ဝမ်းနည်းရကြောင်း TGF ထုတ်ပြန်
မတ် 15, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ KBZ ဘဏ်(၂)၏ ATM စက်ကို တိုက်ခိုက်မှု လုပ်သည့်အဖွဲ့ကို အာဏာသိမ်းစစ်တပ်နှင့်အတူ အနီးရှိ အရပ်သားအချို့ကပါ ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ကြသည့်အပေါ် Taunggyi Guerilla Force (TGF) အနေဖြင့် အလွန်စိတ်မကောင်း ဝမ်းနည်းရကြောင်း ၂၀၂၂ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အဆိုပါ အဖွဲ့က မတ်လ (၁၅)ရက်နေ့ ည (၇)နာရီဝန်းကျင်က KBZ ၏ ATM စက်ကို ဖေါက်ခွဲတိုက်ခိုက်ရာ အနည်းငယ်ထိခိုက်ပျက်စီးမှု ရှိသွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အနီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်မှ အဖွဲ့ဝင်များနှင့်အတူ ပြည်သူအချို့ကပါ လိုက်လံဖမ်းဆီးကြကြောင်း သိရသည်။

Taunggyi Guerilla Force (TGF) အနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်ချက်များပြုလုပ်ရာတွင် အများပြည်သူ မထိခိုက်ရေးကို ဦးစားပေးလုပ်ဆောင်နေသော်လည်း စစ်အာဏာရှင်ကို ကူညီ ထောက်ပံ့နေသူများ အတွက်ကိုမူ ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်းကို ထုတ်ပြန်ချက်ဖြင့် အသိပေးထားသည်ကိုလည်း တွေ့ရသည်။