ရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပြည်နယ်အဆင့် ကော်မတီအပြင် မန္တလေးတိုင်းနှင့် ပူးပေါင်းကော်မတီတို့ ဖွဲ့စည်းကြီးကြပ်

ရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပြည်နယ်အဆင့် ကော်မတီအပြင် မန္တလေးတိုင်းနှင့် ပူးပေါင်းကော်မတီတို့ ဖွဲ့စည်းကြီးကြပ်
ဇန်နဝါရီ 31, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပြည်နယ်အဆင့် ကော်မတီအပြင် မန္တလေးတိုင်းနှင့် ပူးပေါင်းကော်မတီတို့ ဖွဲ့စည်းကြီးကြပ်

နိုင်ငံ (၃)နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင် ရောဂါ ) ကူးစက်ပျံ့နှံ့ခြင်း မရှိစေရေး ပြည်နယ်အဆင့် စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်ကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးနှင့် ပူးပေါင်းကော်မတီတို့ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

“ဒီနေ့ ပြည်နယ်အဆင့်ကော်မတီဖွဲ့သလို အလားတူပဲ မန္တလေးတိုင်းအစိုးရနဲ့ ပူးပေါင်းကော်မတီရော ဖွဲ့လိုက်ပြီ။ ကျွန်တော်တို့ဆီက အဓိက ကတော့ မန္တလေးတိုင်းနဲ့ ဆက်စပ်နေတာဆိုတော့ မူဆယ်၊ ရွှေလီ၊ ကိုးကန့်ဒေသ၊ “ဝ”ဒေသက ဆင်းလာတာတွေ အများစုကျတော့ မန္တလေးရောက်ကြတယ်။ အဲဒီတော့ ဒီဘက်က အခြေအနေနဲ့ ဟိုဘက်နဲ့ ချိတ်ဆက်ဆောင်ရွက်လို့ရအောင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့လိုက်တာပါ”

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ အထူးဒေသများ အပါအဝင် မြို့နယ်တိုင်းတွင် ရောဂါသံသယဖြစ်ဖွယ် စောင့်ကြည့်ခြင်း၊ သံသယလူနာတွေ့ရှိပါက အထူးကြပ်မတ်ခန်းတွင် သီးခြားစောင့်ကြည့်ရေးနှင့် ဓါတ်ခွဲအဖြေရှာနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ခြင်းများကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ရေးအတွက် အဆိုပါကော်မတီက ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က သံသယဖြစ်စရာတွေ့ရင် အမျိုးသားဓါတ်ခွဲခန်းကို ပို့ရပါမယ်။ အဲဒီကမှ သူတို့က ဆက်ပို့တာလုပ်မယ်ပေါ့။ ရှမ်းပြည်နယ်တွင်း ဒေသအသီးသီးမှာက ကျန်းမာရေးတာဝန်ခံတွေ ရှိပြီးသား။ သူတို့ဆီမှာ တစ်ခု ခုဖြစ်လာလို့ ပို့လာရင် ဒီဘက်က ဆက်ပို့ပေးမှာ”

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ပြည်နယ်တွင်း ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပညာပေးခြင်းအပြင် သံသယဖြစ်ဖွယ်တွေ့ရပါက ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများကို နိုင်ငံခြားသားများ၊ ဒေသခံများ၊ ဟိုတယ်များနှင့် တည်းခိုခန်းလုပ်ငန်းတွင် လုပ်ကိုင်သူများပါ သိရှိနေစေရေး ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

မြို့နယ်ဆေးရုံတိုင်းတွင် ရောဂါကာကွယ်ကုသရေးကော်မတီ၊ ရောဂါလျင်မြန်စွာတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့၊ ဆေးရုံကူးစက်ရောဂါကာကွယ်ရေးကြီးကြပ်ကော်မတီနှင့် အထူးကြပ်မတ်ကုသရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မောင်မောင်သန်း(တောင်ကြီး)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~