ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် အာဏာသိမ်းအဖွဲ့က ကမ္ဘောဇတိုင်းသတင်းဌာန၏ သတင်းသမားများကို ထောင်ဒဏ် (၃)နှစ်စီ ချမှတ်

ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် အာဏာသိမ်းအဖွဲ့က ကမ္ဘောဇတိုင်းသတင်းဌာန၏ သတင်းသမားများကို ထောင်ဒဏ် (၃)နှစ်စီ ချမှတ်
ဒီဇင်ဘာ 10, 2021 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာန ( Kanbawza Tai News )မှ သတင်းသမား (၂) ဦး၊ ထုတ်ဝေသူ (၁) ဦးအပြင် သတင်းသမားဟု စွပ်စွဲခံရသည့် မိသားစုဝင် (၁) ဦးကိုပါ  အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားပြီး (၈) လကျော်အကြာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် စွဲဆိုထားသည့်ပုဒ်မ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်သည်။

အမြင့်ဆုံးပြစ်ဒဏ်ချတဲ့အပေါ်တော့ ထူးထူးထွေထွေ မှတ်ချက်မပြုချင်ပါဘူး။ ကျွန်တော်တို့ သတင်းသမားတွေ တင်မကဘူး တခြားပြည်သူတွေကိုပါ သူတို့ နိုင်ငံသားအခွင့်အရေးအရ နိုင်ငံသားတစ်ယောက်အနေနဲ့ ဆန္ဒဖေါ်ထုတ်ခဲ့တဲ့သူတွေကိုတောင် ထောင်ဒဏ် (၃)နှစ်ချမှတ်တယ်ဆိုတော့ ကျွန်တော်တို့ သတင်းသမားတွေကိုဆို ဒီထက်တောင် ပိုပြီးဖိအားပေးတာပါ။ တစ်ခုပဲပြောစရာရှိတာက အိမ်စောင့်ထားခဲ့ရင်း ဖမ်းခံရတဲ့ကလေး စိုင်းစည်သူဆိုရင် သတင်းသမားလည်း မဟုတ်ဘူး။ ဒါကို သူတို့စွဲချက်တင်တာမှာ သတင်းသမားလို့ စွပ်စွဲထားတယ်။ သတင်းသမားမဟုတ်တဲ့သူကို သတင်းသမားလို့စွပ်စွဲပြီး ထောင်ချတာကိုတော့ ရှုံ့ချပါတယ်။ ဒါက ရှက်စရာလည်းကောင်းတယ်လို့လည်း ပြောချင်ပါတယ်

ဟု ကမ္ဘောဇတိုင်း အယ်ဒီတာချုပ်ဖြစ်သူ ဇေတိုင်းက Tachileik News Agency သို့ပြောသည်။

အာဏာသိမ်းအဖွဲ့က ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့် သတင်းထောက်ဟုစွပ်စွဲခံရသည့် စိုင်းစည်သူတို့ကို ထိန်းသိမ်းထားသည့် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်။

ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းသမား (၂)ဦး၊ ထုတ်ဝေသူ (၁)ဦးနှင့် မိသားစုဝင်တစ်ဦးတို့ကို အာဏာသိမ်းအဖွဲ့က မတ်လ (၂၄) ရက်နေ့တွင် ဟိုပုံးရှိနေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကာ ညောင်ရွှေအကျဉ်းထောင်၌ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ထောင်တွင်းတရားရုံးက  ရုံးချိန်း (၁၉) ကြိမ်အတွင်း စစ်ဆေးပြီးနောက် ညောင်ရွှေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် ရက်ပေါင်း (၂၆၂)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ထောင်ဒဏ် (၃)နှစ်စီချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အတွင်းမှ ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဇေတိုင်းကိုလည်း ပုဒ်မ ၅၀၅-ကဖြင့် ဟိုပုံးမြို့မရဲစခန်းတွင် ၂၀၂၁ခုနှစ် ဧပြီလ(၂၈)ရက်နေ့က အမှုဖွင့်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အခြေစိုက် မီဒီယာများဖြစ်သည့် သံလွင်သွေးချင်းသတင်းဌာနမှ အယ်ဒီတာချုပ် မြဝန်းရံနှင့် ရွှေဖီမြေသတင်းအေဂျင်စီမှ ရုပ်သံသတင်းထောက် လွေးအမ်ဖောင်တို့ကိုလည်း အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အခြေစိုက် မီဒီယာများဖြစ်ကြသည့် ကမ္ဘောဇတိုင်းသတင်းဌာန ( Kanbawza Tai News )၊ ရွှေဖီမြေသတင်းအေဂျင်စီ ( Shwe Phee Myay News Agency ) ၊ တာချီလိတ်သတင်းအေဂျင်စီ ( Tachileik News Agency  )၊ မဲခေါင်သတင်းအေဂျင်စီ ( mekong news - မဲခေါင်သတင်း )၊ သံလွင်သွေးချင်းသတင်းဌာနနှင့် Eastern Future News Agency တို့မှ သတင်းသမားများကို ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ခြင်း၊ သတင်းဌာနများ၏ ရုံးခန်းနှင့်  သတင်းသမားများ၏ နေအိမ်များအား  ဝင်ရောက်ရှာဖွေခြင်းအပြင် တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းထုတ်ဝေခွင့်ကိုလည်း ရုပ်သိမ်းထားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အာဏာသိမ်းအဖွဲ့က ယနေ့အထိ ဖမ်းဆီးခဲ့သည့် သတင်းသမားဦးရေ (၁၁၀)ဦးရှိခဲ့သည့်အနက် (၄၀) ဦးမှာ ချုပ်နှောင်ခံနေကြရဆဲဖြစ်ကာ  ရာနှင့်ချီသော သတင်းသမားများမှာ အမှုဖွင့်ခံရ၍ တိမ်းရှောင်နေကြရပြီး လွတ်လပ်သည့် သတင်းဌာန (၉)ခုကိုလည်း လိုင်စင်ပိတ်သိမ်းခံခဲ့ရသည်။

 

ဆက်စပ်သတင်း