မတူပီမြို့နယ် ထယ်ဘွေ့စခန်းကို အင်အားဖြည့်မည့် အာဏာသိမ်းတပ်ကို ဒေသကာကွယ်ရေး ၃ ဖွဲ့က ကြားဖြတ်တိုက်ခိုက်

မတူပီမြို့နယ် ထယ်ဘွေ့စခန်းကို အင်အားဖြည့်မည့် အာဏာသိမ်းတပ်ကို ဒေသကာကွယ်ရေး ၃ ဖွဲ့က ကြားဖြတ်တိုက်ခိုက်
By Tachileik News Agency

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှ ထယ်ဘွေ့ စခန်းသို့ အင်အားဖြည့်တင်းလာသည့် အာဏာသိမ်း စစ်ကောင်စီတပ် အင်အား (၁၅၀) ခန့်အား  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၃)ဖွဲ့ပေါင်း၍ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၈)ဦးထက်မနည်းသေသည်ဟု CDF-Paletwa က ယနေ့ ၂၀၂၂ ခုနှစ် မတ်လ(၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ အာဏာသိမ်းစစ်ကောင်စီတပ်သည် မတ်လ (၁၂)ရက်နေ့တွင် စခီဟာ‌ကျေးရွာနှင့် ၄ ဖာလုံခန့်အကွာတွင် ရောက်လာရာ CDF- Palatwa က  မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် မတ်လ (၁၃)ရက်နေ့တွင်လည်း CDF- Paletwa၊ CDF- matupi၊ CNA တို့ပေါင်း၍ (၂) ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် CDF- Paletwa မှရဲဘော် (၁)ဦးဒဏ်ရာရကာ CNA ဖက်မှ ရဲဘော်(၁)ဦးကျဆုံးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာ လူနေအိမ်တစ်လုံး၊ စာသင်ကျောင်း တစ်ဆောင်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ဆောင် ထိခိုက်ပျက်စီးခဲ့ရကာ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။