စစ်တွေတွင် မုန်တိုင်းဒဏ်သင့် ကယ်ဆယ်ရေးလုပ်ရင်း ဖမ်းခံရသည့် ၅ ဦးအဖွဲ့မှ ကိုဝေဟင်အောင်နှင့် ၂ ဦး ပြန်လွတ်

စစ်တွေတွင် မုန်တိုင်းဒဏ်သင့် ကယ်ဆယ်ရေးလုပ်ရင်း ဖမ်းခံရသည့် ၅ ဦးအဖွဲ့မှ ကိုဝေဟင်အောင်နှင့် ၂ ဦး ပြန်လွတ်
By Tachileik News Agency

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဘေး ကယ်‌ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ပရဟိတသမား (၅)ဦးအဖွဲ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တစ်ရက်အကြာ ၂၀၂၃ ခုနှစ် မေလ (၂၄)ရက်နေ့ နံနက်ပိုင်း၌ ကိုဝေဟင်အောင် အပါအဝင် (၃)ဦး ပြန်လွတ်လာကြောင်း သိရသည်။

စစ်ကောင်စီ၏ ဆရဖက မေလ (၂၄)ရက်နေ့ နံနက်အစောပိုင်းတွင် ကိုဝေဟင်အောင်၏ သမီးနှင့် တပည့်ဖြစ်သူတို့ကို နေအိမ်သို့ လာရောက်ပို့ဆောင်ခဲ့ပြီးနောက် နေ့လယ် ( ၁၁ )နာရီခွဲဝန်းကျင်တွင် ကိုဝေဟင်အောင်ကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရန်ကုန်က နှစ်ယောက်ကို စစ်ဆေးဖို့ခေါ်သွားရင်း ကိုဝေဟင်အောင်တို့ပါ ရောပါသွားတာလို့ပြောတယ်။ သူတို့ကို ဘာလို့စစ်ဆေးတာလည်း မသိသေးဘူး။

ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖမ်းဆီးခံရသူများအနက် ဗိုလ်စိန်ပရဟိတအဖွဲ့မှ (၂)ဦးကိုမူ ပြန်လွှတ်ပေးခြင်း ရှိ၊ မရှိ သီးခြားအတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီဘက်ကမူ အဆိုပါနှစ်ဦးသည် တရားမဝင်မီဒီယာများနှင့် ဆက်သွယ်သည်ဟုဆိုကာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ၎င်းတို့၏ဝါဒဖြန့်သတင်းဌာများတွင် ဖြေကြားထားသည်ကို တွေ့ရသည်။

ကိုဝေဟင်အောင်၊ ၎င်း၏သမီးဖြစ်သူအပါအဝင် ပရဟိတအဖွဲ့ဝင် ( ၅ )ဦးသည် မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်း ရွာသို့သွားရောက်စဉ် မေလ ( ၂၃ )ရက်‌နေ့၊ နေ့လည် ( ၃ ) နာရီကျော်တွင် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီး၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။