တာချီလိတ်မြို့တွင်  ထရန်စဖော်မာ၊ ပါဝါမီတာ နှင့် အိမ်သုံးမီတာအသစ်များ လျှောက်ထားခြင်းကို ခေတ္တ ဆိုင်းငံ့

တာချီလိတ်မြို့တွင်  ထရန်စဖော်မာ၊ ပါဝါမီတာ နှင့် အိမ်သုံးမီတာအသစ်များ လျှောက်ထားခြင်းကို ခေတ္တ ဆိုင်းငံ့
မတ် 11, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် နွေရာသီကာလ လျှပ်စစ်မီး သုံးစွဲမှု လုံလောက်မှုရှိစေရန်အတွက်ဟုဆိုကာ တာချီလိတ်မြို့မီးလင်းရေးကော်မတီက ထရန်စဖော်မာ၊ ပါဝါမီတာ နှင့် အိမ်သုံးမီတာအသစ်များကို လျှောက်ထားခွင့်ရှိတော့မည်မဟုတ်ဘဲ ဆိုင်းငံ့ကာလကျော်လွန်မှသာ လျှောက်ထားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီအနေဖြင့် တာချီလိတ်မြို့တွင်း လျှပ်စစ်မီး လုံလောက်စွာ ရရှိရေးအတွက် 22KV ဓါတ်အားလိုင်းများကို SAC 185 sqmm ကြိုးများဖြင့် လဲလှယ်ခြင်း လုပ်ငန်းများကို အပိုင်းလိုက် လုပ်ဆောင်နေသည့်အတွက် မကြာမီ လျှပ်စစ်ဓါတ်အား လုံလောက်စွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း ၂၀၂၂ခုနှစ် မတ်လ(၁၀)ရက်နေ့ က အသိပေးထားသည်။

အသစ်လျှောက်ထားမည့် ထရန်စဖော်မာ၊ ပါဝါမီတာ နှင့် အိမ်သုံးမီတာအသစ်များအနေဖြင့် ကာလအနည်းငယ် ခေတ္တစောင့်ဆိုင်းပေးရန်လည်း မီးလင်းရေးကော်မတီက မေတ္တာရပ်ခံထားရှိသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့သည် အစိုးရ လျှပ်စစ်မီးကို မှီခိုအသုံးပြုနေခြင်း မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံက လျှပ်စစ်မီးကို   တဆင့် ပြန်လည်ရယူကာ ပြန်လည်းရောင်းချ ဖြန့်ဖြူးပေးနေပြီး လာအိုနိုင်ငံဘက်က လျှပ်စစ်မီးသွယ်တန်းနိုင်ရန်လည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။