ကျိုင်းတုံ - တာချီလိတ် သွားလမ်းပေါ်ရှိ တာလေတံတားတွင်  အက်ကြောင်းရာများဖြစ်နေ၍ ယာဉ်သွားလာမှု ယာယီ ပိတ်ထား  

ကျိုင်းတုံ - တာချီလိတ် သွားလမ်းပေါ်ရှိ တာလေတံတားတွင်  အက်ကြောင်းရာများဖြစ်နေ၍ ယာဉ်သွားလာမှု ယာယီ ပိတ်ထား  
ဇန်နဝါရီ 18, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ကျိုင်းတုံ - တာချီလိတ်သွားလမ်းပေါ် တာလေမြို့ရှိ တာလေတံတားတွင် အက်ကြောင်းရာများ ဖြစ်ပေါ်လာပြီးနောက် အချို့ ကျိုးပဲ့လာမှုများပါ ရှိလာသည့်အတွက် ကနဦး ခွင့်ပြုထားသည့် ယာဉ်ငယ်များကိုပါ သွားလာခွင့် ယာယီပိတ်ထားရကြောင်း သိရသည်။ 

 အက်ကြောင်းရာများပေါ်လာသည်ကို ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက စပြီး တွေ့ရှိပြီးနောက်  လမ်းဦးစီးဌာနနှင့် တာဝန်ရှိသူများက အဆိုပါ တံတားပေါ်ကနေ အိမ်စီးကားနှင့်ဆိုင်ကယ်များကိုသာ ကနဦး သွားလာခွင့်ပြုထားပြီး ကုန်တင်ယာဉ်ကြီးများကို သွားလာခွင့်ပိတ်ထားရကြောင်း သိရသည်။

နေ့လည်(၁)နာရီဝန်းကျင်တွင် တံတားပေါ် ကွဲအက်ကြောင်းဖြစ်ပေါ်သည့် အချို့နေရာ၌   ကျိုးပဲ့လာသည်များပါ ဖြစ်ပေါ်လာသည့်အတွက် ယာဉ်ငယ်များ သွားလာခွင့်ကိုပါ ယာယီပိတ်ထားလိုက်ရကြောင်း သိရသည်။

အရှည် (၃၂၅)ပေရှိသည့် ကျောက်စီကုန်းတံတားဖြစ်သည့် တာလေတံတား၏ ကျောက်စီကုန်းအမှတ်(၁) အောက်ခြေတွင် အက်ကြောင်းရာဖြစ်ပေါ်မှုကို စတင်တွေ့ရှိလာပြီးနောက် စိုးရိမ်ရသည့် အနေအထားသည့် ဖြစ်ပေါ်လာနေခြင်း ဖြစ်ကြောင်း တံတားစစ်ဆေးရေးအဖွဲ့ထံက သိရသည်။

 

အက်ကြောင်းရာများဖြစ်ပေါ်လာသည့် တာလေတံတား ( ကျောက်စီဂုံးတံတား )သည် ကျိုင်းတုံ နှင့် တာချီလိတ်အကြား (၇၄၃)ကီလိုမီတာ နှင့် (၇၄၄)ကီလိုမီတာအကြားတွင် တည်ရှိပြီး အနီးစပ်ဆုံးနေဖြင့် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်းတို့မှ လာမည် ယာဉ်များသည် အဆိုပါ တံတားကို အသုံးပြုဖြတ်သန်းရခြင်းဖြစ်သည်။

တာလေတံတားသည် ၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့်  ရစ်ချ်တာစကေး (၆.၈)အဆင့်ရှိ ငလျင်ဒဏ်ကို ထိတွေ့ခံခဲ့ရသည်များတွင် တာလေတံတားလည်း အပါအဝင် ဖြစ်သည်။ 

အက်ကြောင်းဖြစ်ပေါ်နေသည့် နေရာမှာ ကျိုင်းတုံဘက်ကနေ တာချီလိတ်ဘက်သို့ လာသည့် တံတားဘက်ဖြစ်ပြီး လက်ရှိတွင် ခရီးသွားလာသူများမှာ အဆမတန်များနေကာ သောင်တင်နေသည့်အတွက် တာဝန်ရှိသူများက တံတား၏ အခြေအနေများကို စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

Photo: Shang Noom

#TachileikNewsAgency