ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်း(၄)ကြောင်းဖြင့် မိုးလင်းကတည်းက ထိုးစစ်ဆင်နေ

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်း(၄)ကြောင်းဖြင့် မိုးလင်းကတည်းက ထိုးစစ်ဆင်နေ
မတ် 5, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်တွင် ယနေ့ မတ်လ(၅)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် တလစပ် ပစ်ခတ်နေပြီး စစ်ကြောင်း (၄)ကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(လွိုင်‌ကော်ဇုံ) ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မနက်(၆)နာရီ ဝန်းကျင်ခန့်မှစပြီး လွိုင်ကော်ဘက် တပ်တွေကနေ လက်နက်ကြီးတွေ စထုနေပြီ။ စစ်ကြောင်း(၄)ကြောင်းထိုးပြီး ဒီးမော့ဆိုဘက်ကို လူအင်အား (၃၀၀)ကျော်နဲ့ ထိုးစစ်ဆင်နေပြီလို့လဲ သတင်းပေးပို့လာတယ်။ စကစဟာ ကရင်နီရဲ့ အနောက်ဘက်ခြမ်း၊ နေပြည်တော်ရဲ့ ခေါင်းမိုး တစ်ကြောလုံးကို နယ်မြေစိုးမိုးမှုတွေ ရယူနေပြီဖြစ်ပါတယ်။

ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်(လွိုင်‌ကော်ဇုံ)  က သတင်းထုတ်ပြန်အသိပေးထားခြင်း ဖြစ်သည်။

ယမန်နေ့၏ တစ်ညလုံးတွင်လည်း ဒီးမော့ဆိုမြို့နယ်အတွင်း ပူဖားဘက်တွင် ပေါက်ကွဲသံများကြားရသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပြည်သူများ၏ ထိခိုက်နစ်နာမှုကို အလေးမထားဘဲ ကရင်နီပြည်နယ်အား ထိန်းချုပ်နိုင်ရေးအတွက်သာ ဦးတည်ပြီး ကုန်ကြောင်း လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်၍ ဒေသခံပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေရာတွင် တစ်နေရာပြီး တစ်နေရာ ပြောင်းရွှေ့နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်များ၏ ထိုးစစ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) အပါအဝင် PDF များ၊ ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်အင်အား အလုံအလောက်မရှိသော်လည်း အကောင်းဆုံး တောင့်ခံပြီး ခုခံတော်လှန်နေကြဆဲဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ကူညီပေးနိုင်ရန်လည်း ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားရှိသည်။