လွိုင်လင်လေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ် အင်အားဖြည့်နေပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်

လွိုင်လင်လေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ် အင်အားဖြည့်နေပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်
ဇွန် 18, 2021 | ကယား

ရှမ်းပြည်နယ်နှင့်နယ်စပ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့တွင် ယနေ့ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ ညပိုင်းက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုဖြစ်ပွားနေပြီး အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားတိုးချဲ့နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

အခုတော့ ရပ်သွားပြီ။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်တယ်။ လက်နက်ငယ် လေးငါးချက်လောက်ပစ်တယ်။ လက်နက်ကြီး (၂) ချက်လောက်ပစ်တယ်။ ဘယ်ကို ပစ်မှန်းမသိဘူး။ အရင်တလောကလည်း ညဆို (၇)နာရီ (၈)နာရီလောက် ပစ်တယ်။ ည (၁၂)ကျော်လည်း ပစ်တယ်။ အခုက ထီးစဲခါး ဂိတ်မှာ PNO ရဲဘော် အသစ် တွေလည်း ရောက်နေကြတာတွေ့တယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ​ပြောသည်။ 

ကယား- ရှမ်းနယ်စပ် လွိုင်လင်လေးမြို့တွင် ယနေ့ည ဇွန်လ (၁၈) ရက်နေ့ ညပိုင်းတွင် လက်နက်ကြီး လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်နေပြီး ဒေသခံများ ပြောပြချက်အရ ကယား -ရှမ်းနယ်စပ် ချောင်းကူးတံတား ထီးစဲခါး ဂိတ်တွင် စစ်ကောင်စီတပ်မှ အင်းအားတိုးချဲ့၍ တပ်စွဲထားပြီး နယ်စပ်တံတား တစ်ဖက်ခြမ်းရှိ PNO ဂိတ်စခန်းမှာလည်း PNO တပ်သားသစ်များထပ်ရောက်လာကာ အင်အားတိုးချဲ့ချထားကြောင်း သိရသည်။ 

လွိုင်ကော်မြို့ပေါ်တွင်လည်း ည (၉)နာရီအချိန်ခန့်က လေယာဥ်တစ်စီး ပျံဝဲနေကြောင်းလည်း သိရသည်။

ဇွန်လ (၁၅)ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် အကြမ်းဖက် စစ်ကောင်စီတို့ ယာယီအပစ်ရပ်ထား သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း တပ်စွဲကာ လှည့်လည်သွားလာနေပြီး နေ့စဥ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသည့်အပြင် စစ်အင်အား တိုးချဲ့နေခြင်းများလည်း ဆက်လက် လုပ်ဆောင်နေကြောင်းသိရသည်။