တာချီလိတ်ဆေးရုံသို့ သွေးအန်ပြီးရောက်လာသည့် လူနာတွင် စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ပြီး ရောဂါအခံကြောင့် သေဆုံး

တာချီလိတ်ဆေးရုံသို့ သွေးအန်ပြီးရောက်လာသည့် လူနာတွင် စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ပြီး ရောဂါအခံကြောင့် သေဆုံး
သြဂုတ် 4, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး နေအိမ်တွင် သွေးအန်၍ ဆေးရုံသို့ပို့ဆောင်ကုသရာမှ Covid-19 ပိုးတွေ့ရှိပြီး ဆေးကုသမှု ခံယူရင်း သေဆုံးသွားကြောင်း သိရသည်။ 

သေဆုံးသွားသူမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်းနေ အသက် (၆၉)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် နေမကောင်းသည့်အပြင် သွေးအန်နေသည့်အတွက် ယနေ့ ဩဂုတ်လ(၄)ရက်နေ့ ညနေပိုင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆေးကုသမှုပေးရင်း RDT Test Kit ဖြင့် စစ်ဆေးသည့်အခါမှာ Covid-19 ကူးစက်ခံထားရသည်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ၏ နေအိမ်ကိုလည်း ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက အသွားအလာကန့်သတ်ထားလိုက်ပြီး ကျန် မိသားစုဝင်များကိုလည်း ဩဂုတ်လ(၅)ရက်နေ့တွင် Covid-19 စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာရှင်သာရေးနာရေးကူညီမှုအသင်းက ဆေးရုံကနေတဆင့် ချက်ချင်းသယ်ယူပြီး ပုံလို့သုဿန်သို့ ကူညီပို့ဆောင်ကာ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ သေဆုံးသူများအဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က စတင်ကာ ဩဂုတ်လ(၄)ရက်နေ့ ညနေပိုင်းအထိ အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၆)ဦးအထိ ရှိလာရာတွင် ဘုန်းကြီးတစ်ပါး ပါဝင်သည်။

#TachileikNewsAgency

Photo: မေတ္တာရှင်သာရေးနာရေးကူညီမှုအသင်း