တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ CDM လုပ်ဆောင်နေသည့် ဝန်ထမ်း (၂၃)ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ CDM လုပ်ဆောင်နေသည့် ဝန်ထမ်း (၂၃)ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ
မတ် 9, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ CDM လုပ်ဆောင်နေသည့် ဝန်ထမ်း (၂၃)ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနလက်အောက်ရှိ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ စစ်အာဏာရှင်လက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ ပြည်သူနှင့်အတူ ရပ်တည်ကာ CDM လုပ်ဆောင်နေသည့် ဒုတိယဦးစီးမှူး အပါအဝင် (၂၃)ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ် စည်ပင် ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက လက်မှတ်ရေးထိုးကာ မတ်လ(၈)ရက်နေ့က အမိန့်စာထုတ်လိုက်ကြောင်း သိရသည်။ 



"ဒီထက်ပိုတဲ့အရာတွေပါ ကြုံတွေ့နိုင်တယ်ဆိုတာ ကြိုတင်တွေးခဲ့ပြီးသားမို့ ထာဝရ CDMပါပဲ။ အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကျရာတာဝန်ကို ကိုယ်ထမ်းနိုင်တဲ့ဖက်မှ ပံ့ပိုးလုပ်ဆောင်သွားမှာပါ"ဟု CDM တွင် ပါဝင်သူ စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။

CDM လုပ်ဆောင်မှုတွင်ပါဝင်သည့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး (၁)ဦး၊ ဌာနခွဲစာရေး (၁)ဦး၊ အကြီးတန်းစာရေး (၁)ဦး၊ အငယ်တန်းအင်ဂျင်နီယာ ၃ မှ (၄)ဦး၊ လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၁)ဦး၊ ယန္တရားမောင်း ၃ မှ (၂)ဦး၊ အခွန်ကောက် ၃ မှ (၁)ဦး၊ အငယ်တန်းစာရေး (၁)ဦး၊ အငယ်တန်း လက်နှိပ်စက်ရိုက် (၁)ဦး၊ ဈေးခေါင်း ၅ မှ (၁)ဦး၊ အခွန်ကောက် ၅ မှ (၄)ဦး၊ စည်းကမ်းထိန်း ၄ မှ (၂)ဦး၊ ပိုက်ဆက်ကျွမ်းကျင် ၅ မှ (၁)ဦး နှင့် လုပ်သား ၂ မှ (၁)ဦး စုစုပေါင်း (၂၃)ဦး ဖြစ်သည်။

ဖေဖော်ဝါရီလ(၁)ရက်နေ့က စ၍ မတ်လ(၇)ရက်နေ့အတွင်း ရုံးတက်ရန်ပျက်ကွက်ခဲ့သည်ဟုဆိုကာ ခွင့်မဲ့ပျက်ကွက်ကာလအဖြစ် သတ်မှတ်ပြီး လစာမဲ့ခွင့်အဖြစ် သတ်မှတ်လိုက်ကြောင်းလည်း သိရသည်။



Tachileik News Agency