တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် အသက်(၁၄)နှစ် ဝန်းကျင်အရွယ် ခြံစောင့် လူငယ်(၂)ဦးကို မူးယစ်ဆေးဝါးရိုက်စက်ဖြင့် ဖမ်းမိ

 အသက်(၁၃)နှစ်အရွယ် အိုက်လုံခမ်း(ခ) လီဖာ၊ အသက်(၁၄)နှစ်အရွယ်  ရှာမွေလှ
အသက်(၁၃)နှစ်အရွယ် အိုက်လုံခမ်း(ခ) လီဖာ၊ အသက်(၁၄)နှစ်အရွယ်  ရှာမွေလှ
တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် အသက်(၁၄)နှစ် ဝန်းကျင်အရွယ် ခြံစောင့် လူငယ်(၂)ဦးကို မူးယစ်ဆေးဝါးရိုက်စက်ဖြင့် ဖမ်းမိ
ဖေဖော်ဝါရီ 24, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် ခြံစောင့် လူငယ် (၂)ဦးကို မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်နှင့်အတူ တွေ့ရ၍ဟုဆိုကာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 

မန်းကမ္ဘောဇ-၄ စစ်ဆင်ရေး နှင့် ရွှေတြိဂံဒေသ Operation 1511/22 စစ်ဆင်ရေးအဖြစ် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များဖြစ်သည့် အမတ(၃၈၈)၊ ခမရ(၅၇၁)၊ ခမရ(၅၂၆) နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲမှူးသန်းစိုးနှင့် အဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့က ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းတွင် တာလေမြို့၊ နားယောင်းအုပ်စု၊ ပါခမ်းလုံကျေးအတွင်းရှိ တောင်ယာခြံအား ဝင်ရောက် စစ်ဆေးရာမှ ခြံစောင့် လူငယ် (၂)ဦးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်များကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သိရသည်။

ပူးပေါင်းအဖွဲ့က အဆိုပါ ခြံအတွင်းသို့ သွားရောက် စစ်ဆေးရာတွင် ပိုင်ရှင်ဖြစ်သူဟု ဆိုသည့် အသက်(၃၀)အရွယ် အိုက်လုံအား မတွေ့ရှိရဘဲ ခြံစောင့်များဖြစ်သည့် အသက်(၁၃)နှစ်အရွယ် အိုက်လုံခမ်း(ခ) လီဖာ နှင့် အသက်(၁၄)နှစ်အရွယ်  ရှာမွေလှဆိုသူတို့အား တွေ့ရှိရပြီးနောက် ဆက်လက်ရှာဖွေရာမှ တောင်ယာခြံနေအိမ်၏ အနောက်ဘက် အခန်းအတွင်းထဲက   တစ်ကြိမ်လျှင် စိတ်ကြွရူးသွပ်ဆေးပြား (၉)ပြားထွက်သည့် ဆေးပြားရိုက်စက် (၁)လုံး နှင့် ဆက်စပ်ပစ္စည်းများ အပြင် ကဖင်းအမှုန့် (၂.၅)ကီလိုဝန်းကျင်တို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးပြားရိုက်စက် သိမ်းဆည်းရရှိမှုနှင့် ပတ်သက်ပြီး ခြံပိုင်ရှင်ဖြစ်သူဟုဆိုသည့် အိုက်လုံအား ၎င်း၏ ဖခင်နေအိမ်သို့လည်း သွားရှာသော်လည်း မတွေ့ရှိ၍ ၎င်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေသည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး   ခြံစောင့်များဖြစ်သည့် အသက်(၁၃)နှစ်အရွယ် အိုက်လုံခမ်း(ခ) လီဖာ၊ အသက်(၁၄)နှစ်အရွယ်  ရှာမွေလှ နှင့် ဖမ်းမမိသေးသည့် အိုက်လုံတို့အား  တာလေနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၂၂၊  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၉(က)/၁၆(ခ)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။