တာချီလိတ်မြို့တွင် NLD ပါတီဝင်များဖြစ်ခဲ့ကြသည့် (၃)ဦး  ပုဒ်မ ၅၀၅-က ဖြင့် အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခံရ

တာချီလိတ်မြို့တွင် NLD ပါတီဝင်များဖြစ်ခဲ့ကြသည့် (၃)ဦး  ပုဒ်မ ၅၀၅-က ဖြင့် အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခံရ
ဖေဖော်ဝါရီ 23, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ဇန်နဝါရီလအတွင်းက ဖမ်းဆီးခံရပြီး ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူများအနက် NLD ပါတီဝင်များ ဖြစ်ခဲ့ကြသည့် (၃)ဦး  ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်စီ ချခံလိုက်ရကြောင်း သိရသည်။

ဒီနေ့ ရုံးချိန်က ရုံးမထုတ်ခင်ကတည်းက တစ်ယောက်ကို (၃)နှစ်စီ ကျမယ်ဆိုတာ အတွင်းပိုင်းက သိနေပြီးသား။ ကြားရ မြင်ရတာလည်း စိတ်မချမ်းသာပါဘူး။ တာချီလိတ်ရဲ့ တရားရေးပိုင်းကတော့ ယိုယွင်းနေပြီ အခုတော့ ပိုဆိုးပဲ။ အချို့ရှေ့နေတွေကလည်း ကူညီဖို့ မစဉ်းစားကြဘူး။ သူဌေးတွေရဲ့ အမှုပဲ လိုက်ပေးကြတယ်။  တရားသူကြီးလည်း မတရားသူကြီးဖြစ်နေပြီ စစ်ကြောရေးရဲ့ ဖိအားတွေ ဘယ်လောက်ထိများတယ်။ ဘယ်လောက် စစ်ဆေးခံရတယ်ဆိုတာကို သိသိနဲ့ မတရားမှုကို အမြင့်ဆုံး ထောင်ဒဏ်တွေ ချကြတယ်။ ငွေရတဲ့ အမှုဆိုရင် ရှေ့နေနဲ့ တရားသူကြီးအပြင် ဥပဒေအရာရှိကအစ အဝေအမျှတည့်ပြီး ပြစ်ဒဏ်တွေလျော့ပေါ့ပေးကြတယ်။ ဒါကတော့ တာချီလိတ် ထုံးစံဆိုပေမဲ့ အခုလို မတရားတဲ့ ကာလမှ ခေါင်းသုံးပြီး စဉ်းစားသင့်တာပေါ့၊

ဟု တရားရေးပိုင်းနှင့် နီးစပ်သည့် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

၅၀၅-က ၏ အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်ခံရသူများမှာ အသက်(၅၃)နှစ်ရှိ ဒေါ်အေးအေးချို၊ အသက်(၄၈)နှစ်ရှိ ဦးစိုင်းသန်းလှ နှင့် အသက်(၂၈)နှစ်ရှိ ကိုသက်ပိုင်စိုးတို့ဖြစ်သည်။

 ပုန်းထွန်ရပ်ကျေး NLD ဥက္ကဌ ဖြစ်ခဲ့သူ ဒေါ်အေးအေးချို နှင့် ပါတီဝင်ဖြစ်ခဲ့သူ ဦးစိုင်းသန်းလှတို့သည် ပုန်းထွန်ရပ်ကွက်အတွင်း၌ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့က တစ်နေ့တည်း ဖမ်းဆီးခံရပြီး ၎င်းတို့သည် NLD ပါတီဝင်များဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ နှင့် စရဖ က ဖမ်းဆီးခေါ်ဆောင် စစ်ဆေးပြီးနောက် အမှုဖွင့်ရန် အပြစ်မရှိသော်လည်း ၎င်းတို့၏ facebook တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်သည့် အချက်အလက်များ၊ စာများရေးသားဖြန့်ဝေထားသည်များကို တွေ့ရှိသည်ဟုဆိုကာ  တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းထူးအောင်က တရားလို ပြုလုပ်ကာ တာချီလိတ်မြို့မရဲစခန်းတွင် ဦးစိုင်းသန်းလှအား  (ပ)၁၅/၂၀၂၂ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် လည်းကောင်း၊ ဒေါ်အေးအေးချိုအား (ပ)၁၅/၂၀၂၂ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် လည်းကောင်း အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ကျန်ရှိသည့် ကိုသက်ပိုင်စိုးသည် တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍   သံသယရှိသူအချို့အား ခေါ်ယူစစ်ဆေးရာမှ ဗုံးပေါက်ကွဲမှုနှင့် မသက်ဆိုင်သော်လည်း Facebook တွင် စစ်တပ်ဆန့်ကျင်ရေး လုပ်ဆောင်သည်ဟုဆိုကာ NLD ပါတီဝင်တစ်ဦးဖြစ်သည့် ၎င်းအား ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့က ၎င်းအား   ဖမ်းဆီးစစ်ဆေးပြီး   ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ကိုသက်ပိုင်စိုးအား ရဲနှင့်စရဖတို့၏ စစ်ကြောမှုများအတွင်း   တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍  PDF ဟု ဆိုသူများ၏ အမည်များကို ထုတ်ပြောရန်၊ နေအိမ်လိုက်ပြရန်၊ NLD ပါတီဝင်များတွင် PDF နှင့် ပတ်သက်ဆက်သွယ်နိုင်ချေရှိသူများကို ထုတ်ဖော်ရန် ယင်းသို့ ထုတ်ဖော်ဖြေကြားပေးပါက အမှုသက်သာရန် ကူညီပေးမည်ဟုပြောသည့်  လိမ်ညာ စစ်ဆေးမှုများကို ယုံကြည်ပြီး ၎င်းသိသည့် အမည်များကို ထုတ်ဖော်လိုက်သော်လည်း သက်ပိုင်စိုး၏ Facebook တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖြန့်ဝေ ရေးသားခြင်းများတွေ့၍ဟုဆိုကာ  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေဖြိုးဦးက တရားလို ပြုလုပ်ကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ပြီးနောက် အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချခံလိုက်ရခြင်း ဖြစ်သည်။  

တာချီလိတ်မြို့တွင် ဇန်နဝါရီလအတွင်း ဖမ်းဆီးခံထားရသူများတွင် အမိန့်ချရန်အတွက် အနည်းဆုံး (၅)ဦးအထက် ကျန်ရှိနေသေးသည်။