တာချီလိတ်တွင် လှည့်ကင်းရဲကားတစ်စီး လမ်းဘေးကားမှတ်တိုင်ကို တိုက်မိ

တာချီလိတ်တွင် လှည့်ကင်းရဲကားတစ်စီး လမ်းဘေးကားမှတ်တိုင်ကို တိုက်မိ
သြဂုတ် 15, 2020
By Tachileik News Agency
တာချီလိတ်တွင် လှည့်ကင်းရဲကားတစ်စီး လမ်းဘေးကားမှတ်တိုင်ကို တိုက်မိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လှည့်ကင်းရဲကားတစ်စီးသည် မြို့လယ်လမ်းဘေးကားမှတ်တိုင်(လိုင်းကားစောင့်သည့် တဲ)ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်က ဝင်တိုက်မိသွားပြီး မော်တော်ယာဉ်ပျက်စီးသွားသည်။
ယာဉ်မတော်မဆမှုမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး ရှမ်းရိုးမကွင်းထောင့်ရှိ လိုင်းကားစောင့်ဆိုင်းသည့် တဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  မတော်မဆဖြစ်ပွားသည့် လှည့်ကင်းရဲကားကို ကရိန်းဖြင့် ဆွဲထုတ်ခဲ့ရကြောင်း မျက်မြင်များထံမှ သိရသည်။
"ကျွန်တော်မနက်က ဈေးဝယ်ပြီးပြန်တော့ ကရိန်းကားနဲ့ ဆွဲထုတ်နေတာကို တွေ့တာ။ မနက် (၈)နာရီကျော်ဖြစ်မယ်ထင်တယ်။ နာရီကတော့ မကြည့်လိုက်မိဘူး။ အမျိုးသမီးနဲ့ ပုန်းထွန်ဘက်သွားရင်း အပြန်ကျတော့မှ အဲဒီရှေ့မှာ လူတွေလည်း စုနေတယ်။ ကရိန်းနဲ့ ဆွဲထုတ်နေတာတွေ့လို့ အဲဒီဘက် ဘာဖြစ်တာလဲ အမျိုးသမီးကိုမေးတော့မှ အဲဒီမှာ ယာဉ်တိုက်တာလေ မတွေ့ဘူးလားလို့ပြောတယ်။ နောက်ဆေးခန်းရောက်မှ အေးဆေး အင်တာနက်ဖွင့်ကြည့်မှ  ကလေးတွေက ဓာတ်ပုံတွေနဲ့ တင်ထားတာတွေ့လို့ သိတာ"ဟု တာချီလိတ်မြို့ စိုပြေ သွားဆေးခန်းမှ ဒေါက်တာဇော်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာဆိုင်ကယ်ကို ရှောင်လိုက်ရာမှာ တိုက်မိခြင်း ဖြစ်ကြောင်း  ရဲတပ်ဖွဲ့ဝင်တစ်ဦးက  ပြောပြသည်။
"ကားက  လမ်းကြောင်းမှန်တယ်။ ဆိုင်ကယ်နှစ်စီးက မျက်နှာချင်းဆိုင်က လာတာမှာ စလစ်ဖြစ်ပုံရတယ်။ ကားလမ်းကြောင်းဘက်ကို ရုတ်တရက် ရောက်လာတော့ ကားကို ဘယ်ဘက်ကိုဆွဲမချရင် ဝင်တိုက်မိမယ်။ ဘေးမျက်မြင်သက်သေတွေလည်း ရှိပါတယ်။ သူတို့ကတော့  အခုလိုဖြစ်တော့ မောင်းသွားကြတယ်။ အကယ်၍ ကားကို ဘယ်ဘက်မဆွဲချရင် ဆိုင်ကယ်က ကားကို ဝင်တိုက်မိမယ်။ လှည့်ကင်းကားက လမ်းကြောင်းမှန်တော့ ပြဿနာမရှိပေမဲ့ ဆိုင်ကယ်က လူသေနိုင်တယ်လေ။ ဒါကြောင့် လမ်းဘေးဆွဲချလိုက်တာ"ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် မော်တော်ယာဉ်ပျက်စီးမှုမှလွဲ၍ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ -  Jai HolmHpa 
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~