တာချီလိတ်မြို့တွင် ညပိုင်းလှည့်ကင်းပတ်ကာ ဖုန်းများကို ယူစစ်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင်နေ

တာချီလိတ်မြို့တွင် ညပိုင်းလှည့်ကင်းပတ်ကာ ဖုန်းများကို ယူစစ်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင်နေ
မတ် 28, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်း ယ‌နေ့ မတ်လ(၂၇)ရက်နေ့ ညပိုင်း၌ လှည့်ကင်းအဖွဲ့က မြို့တွင်းလှည့်လည်နေပြီး ညပိုင်းထွက်သူများကို ဖမ်းဆီးမှုများလုပ်ဆောင်‌နေရာ ည(၁၁း၅၀)နာရီဝန်းကျင်အချိန်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် တွေ့ရသည့် လူငယ်အချို့အား ရိုက်နှက်မှုများ လုပ်ဆောင်ကာ ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။

"ပထမတစ်ခါ ကားကိုဖမ်းတယ်။ ရိုက်သံတွေကြားတယ်။ အော်တယ်။ နောက်တစ်ခါ ဆိုင်ကယ်၊ နောက်တစ်စီးကတော့ ပြန်လှည့်သွားတာ။ လွတ်သွားတယ်"ဟု မြင်တွေ့ရသူ တစ်ဦးက ပြောပြသည်။

အလားတူပင် ည(၈)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းအဆင်း ရှမ်းရွှေမြန်မာဟိုတယ်ရှေ့တွင်လည်း လူငယ်နှစ်ဦးကို ဖုန်းယူစစ်ပြီး အချုပ်ကားဖြင့်တင်ဆောင်ကာ ဖမ်းသွားသည်ကိုလည်း တွေ့ရကြောင်း သိရသည်။

"ရွှေမြန်မာဟိုတယ်ရှေ့မှာ ဖုန်းယူစစ်ပြီး ဖမ်းသွားတာ ဆိုင်ကယ်တွေရော ယူသွားတယ်"ဟု မြင်တွေ့ရသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ညပိုင်း ညသပိတ်များနှင့် မြို့တွင် စာရွက်ကပ်ခြင်းများ း မဆောင်ရွက်နိုင်ရန် ညနေပိုင်းက စ၍ နံနက်(၅)နာရီအထိ ယခုရက်ပိုင်းအတွင်း လှည့်ကင်းများပတ်နေကြောင်း သိရသည်။