ကျိုင်းတုံမြို့တွင်  (၂၂)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း ရမိ

ကျိုင်းတုံမြို့တွင်  (၂၂)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း ရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်  (၂၂)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ကျိုင်းတုံ - ဝမ်တာပုံသွား ကာလမ်းပေါ် (၁၃)မိုင်အနီးတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ(၄)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က ဝမ်တာပုံဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် ကားအား ပူးပေါင်းအဖွဲ့က ရပ်တန့်ခိုင်းစဉ် ယာဉ်သည် ရပ်တန့်မပေးဘဲ လမ်းဘေး လယ်ကွင်းအတွင်းသို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

 

ပူးပေါင်းအဖွဲ့က လယ်ကွင်းအတွင်းဆက်လိုက်ရာမှ ယာဉ်မောင်းမှာ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားသည့်အတွက် ကျန်ရစ်ခဲ့သည့် ကားအား စစ်ဆေးရာမှာ ကားပေါ်တွင် ကျောပိုးအိတ်များအတွင်းထည့်ထားသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း  မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ ရဲတပ်ဖွဲ့ထံက သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုးငွေ (၂၂)ဘီလီယံတန်ဖိုးရှိ အိုက်စ် ice( Methamphetamine ) (၁၁၁၃)ကီလို ရှိကြောင်း သိရသည်။

ပိုင်ရှင်မဲ့အဖြစ် အဆိုပါ မူးယစ်ဆေးဝါးများကို သိမ်းဆည်းထားပြီး ပိုင်ရှင်အား ဖမ်းဆီးရမိရေးအတွက် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံက စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။