လာအိုနိုင်ငံသို့ တာချီလိတ်ဘက်ကနေ တစ်ဦးလျှင် ကျပ်(၁၃)သိန်းပေးပြီး ခိုးကူးသည့် မြန်မာ(၁၉)ဦးကို မဲခေါင်မြစ်ကမ်းဘေးတွင် ဖမ်းမိ၊ ငွေကြေးရယူ ပို့ဆောင်ပေးသူကို ဖမ်းမမိသေး

လာအိုနိုင်ငံသို့ တာချီလိတ်ဘက်ကနေ တစ်ဦးလျှင် ကျပ်(၁၃)သိန်းပေးပြီး ခိုးကူးသည့် မြန်မာ(၁၉)ဦးကို မဲခေါင်မြစ်ကမ်းဘေးတွင် ဖမ်းမိ၊ ငွေကြေးရယူ ပို့ဆောင်ပေးသူကို ဖမ်းမမိသေး

မြန်မာ - လာအိုနယ်စပ်၊ တာချီလိတ်မြို့နယ်အတွင်း မဲခေါင်မြစ်ကမ်းဘေးတွင် လာအိုဘက်သို့ သွားရန် ပို့ဆောင်ပေးနေသည့် ပွဲစားအား တစ်ဦးလျှင် ကျပ်(၁၃)သိန်းခွဲပေးပြီး   ခိုးကူးမည့် မြန်မာနိုင်ငံသား (၁၉)ဦးကို မြန်မာဘက်က ဖမ်းမိထားပြီး ပို့ဆောင်ပေးသူကို စုံစမ်း နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း မဲခေါင်မြစ်ကမ်းဘေးရှိ တောအုပ်တစ်ခုတွင် လာအိုနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် မြန်မာနိုင်ငံသား အမျိုးသား (၁၃)ဦး နှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၉)ဦးကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် (၁၉)ဦးတွင် တာချီလိတ်မြို့မှ (၂)ဦး၊ မကွေးတိုင်းအတွင်းက (၁၆)ဦး၊ နေပြည်တော်မှ (၁)ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၉)ဦးကို ဝမ်ပုံနယ်မြေရဲစခန်းမှ ရဲအုပ်ချစ်မင်းဦး နှင့် အဖွဲ့တို့၏ စစ်ဆေးမှုများအရ တဖက် လာအိုနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်နိုင်ရန်အတွက် တစ်ဦးကို ကျပ်(၁၃)သိန်းခွဲရယူကာ တာဝန်ခံပို့ဆောင်ပေးနေသူမှာ မိုင်းဖုန်း(က)အုပ်စု၊ ဝမ်ပုံရွာနေ အောင်အောင်ဆိုသူ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် အောင်အောင်အား ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း သိရသည်။

ဝမ်ပုံရွာ၏ နယ်နိမိတ်ကျဉ်းသော်လည်း ပို့ဆောင်ပေးသူကို ရှာဖွေ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။