ရှမ်း - ကရင်နီ(ကယား)နယ်စပ် မိုးဗြဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ စစ်ရှောင်ရန် အခြေအနေစောင့်ကြည့်နေ

မိုးဗြဲမြို့မြင်ကွင်း - MBPDF
မိုးဗြဲမြို့မြင်ကွင်း - MBPDF
ရှမ်း - ကရင်နီ(ကယား)နယ်စပ် မိုးဗြဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ စစ်ရှောင်ရန် အခြေအနေစောင့်ကြည့်နေ
ဖေဖော်ဝါရီ 16, 2022 | နိုင်ငံရေး| ရှမ်းတောင်
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်နှင့်နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုများရှိနေ၍ အများပြည်သူအနေဖြင့် လုံခြုံရေးသတိဖြင့်နေထိုင်ကြရန် Mobye  Rescue Team က သတိပေးထားသည်။

အခုတော့ ပစ်တာခတ်တာ ခဏရပ်နေတယ်။ တိုက်ပွဲက မြို့လယ်လောက်မှာ ဖြစ်နေတော့ တစ်မြို့လုံး ပိတ်မိနေတဲ့အခြေအနေဖြစ်နေတယ်။ လူတွေကတော့ ဘုန်းကြီးကျောင်းတွေတို့ လုံခြုံတဲ့နေရာရှာပြီး နေနေကြရတယ်။ အခြေအနေကြည့်ပြီး စစ်ဘေးရှောင်လို့ရမယ့် လမ်းကြောင်းလည်း ကျွန်တော်တို့ ကြည့်နေရတယ်။ တစ်ခြားက စစ်ဘေးလာရှောင်နေတဲ့သူတွေတော့မရှိဘူး။ ဒီမြို့ကလူတွေပဲ စစ်ဘေးရှောင်ဖို့ အခြေအနေကြည့်နေရတယ်

ဟု Mobye  Rescue Team မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် ပြောသည်။

မိုးဗြဲမြို့တွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် လက်နက်ကြီး (၃) ချက်ပစ်ခတ်ခဲ့သဖြင့် အများပြည်သူအနေဖြင့် လုံခြုံရေးသတိဖြင့် နေထိုင်ကြရန် Mobye  Rescue Team က သတိပေးထားပြီး အရေးပေါ်အကူအညီလိုအပ်ပါက အသင်း ဖုန်းနံပါတ် 09 254 966 775၊ 09 459 300 399 နှင့် 09 453 560 132 တို့ကို ဆက်သွယ်ကြရန် အသိပေးထားသည်ကို တွေ့ရသည်။

စစ်ရေးအ‌ခြေ‌အနေတင်းမာလာသည့်အနေအထားဖြစ်၍ လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းပေးကြပါရန်၊ ဘေးကင်းခိုင်မာသည့်နေရာကိုရွေးချယ်ပြီး နေထိုင်ကြပါရန်၊ ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်း နေထိုင်ကြပါရန်နှင့် မိမိလုံခြုံရေးကို ပထမ ဦးစားပေးအဆင့်မှာထားပြီးသင့်လျော်သလို ပြင်ဆင်နေထိုင်ကြပါရန်ဟု ဒေသခံများကို မိုးဗြဲ PDF ကလည်း တိုက်တွန်းအသိပေးထားသည်ကို တွေ့ရသည်။

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဖေဖော်ဝါရီလ (၁၅) ရက်နေ့ကတည်းက တင့်ကားနှစ်စီး အပါအဝင် အင်အား (၂၀၀) ခန့်ဖြင့် နေရာယူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။