အာဏာသိမ်းစစ်ကောင်စီက မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုအားလုံး ချိတ်ပိတ်

မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရ
မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရ
အာဏာသိမ်းစစ်ကောင်စီက မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုအားလုံး ချိတ်ပိတ်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီက မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီးလိုက်ပြီး လုပ်ငန်းနှင့်နေအိမ်များအပါအဝင် ပိုင်ဆိုင်မှုအားလုံးကို ချိတ်ပိတ်လိုက်ကြောင်း ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများအား ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မြန်မာသူရကျောက်မျက်ကုမ္ပဏီမှ ယာဉ်မောင်းဖြစ်သူ မွန်သူအောင်အား ဩဂုတ်လ (၁၇)ရက်နေ့က မန္တလေးရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးလိုက်ပြီးနောက် အဆိုပါ ယာဉ်မောင်း၏ ထွက်ဆိုချက်အရ ကုမ္ပဏီပိုင်ရှင် ဦီးကျော်သူရအား ယင်းနေ့မှာပင် မန္တ‌လေးနေအိမ်တွင် သွားရောက်ဖမ်းဆီးကာ ပိုင်ဆိုင်မှုအားလုံးကို ချိတ်ပိတ်လိုက်ကြောင်း အာဏာသိမ်းအဖွဲ့၏ ဝါဒဖြန့် ပြန်ကြားရေးဖြစ်သည့် Myanmar Digital News က ဖေါ်ပြထားသည်။

မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရပိုင်ဆိုင်သည့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦ (၄)လုံးနှင့် မော်တော်ယာဉ်မျိုးစုံ (၅)စီး၊ ပြည်ကြီးပျော်ဘွယ်အတောက်ရပ်၊ ၈၈ ဘီလမ်း၊ ၃၄ နှင့် ၃၅ လမ်းကြားရှိ အဆောက်အအုံ (၃)လုံး၊  မော်တော်ယာဉ်မျိုးစုံ (၂)စီး၊ မီးစက် (၂)လုံးနှင့် ကျောက်စိမ်းဖြတ်သားမျိုးစုံ တန် (၈၀)ဝန်းကျင်၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ခြံဝန်းနှင့် အဆောက်အဦ (၁)လုံး၊ ဒဏ္ခိဏသီရိမြို့နယ်အတွင်းရှိ ခြံဝန်းနှင့် အဆောက်အဦ (၂)လုံး၊ ကချင်ပြည်နယ် မြ်စကြီးနားမြို့ရှိ ခြံဝန်းနှင့် အဆောက်အဦ (၁)လုံး၊ ဖားကန့်မြို့နယ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်အဦမျိုးစုံ (၇)လုံး၊ ကျောက်ဖေါက်စက် (၄)လုံး၊ ကျောက်ဖြတ်စက်အကြီး (၄)လုံး၊ ကျောက်ဖြတ်သား တန် (၃၀)၊ မြေသယ်ယာဉ်မျိုးစုံ (၁၄)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ဘက်ဟိုး (၅)စီး စုစုပေါင်းတန်ဖိုး(အာဏာသိမ်းအဖွဲ့၏ထုတ်ပြန်သည့်တန်ဖိုး) ကျပ်သိန်းပေါင်း ၁၁၈၄၄၉ အား ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

ယင်းအပြင် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများထောက်ပံ့သည့် အခြားကျောက်မျက်လုပ်ငန်းရှင်များကိုလည်း ဆက်လက်ဖမ်းဆီးမည်ဟု အာဏာသိမ်းအဖွဲ့ပြန်ကြားရေးက ဖေါ်ပြထားသည်။