တာချီလိတ်မြို့တွင် ရပ်ဝေး အလှူခံများ အတင်းအကြပ် အလှူခံနေမှုအပေါ် တားဆီးပေးနိုင်သူ မရှိဖြစ်နေ

အလှူခံအဖွဲ့ကို တွေ့ရစဉ်
အလှူခံအဖွဲ့ကို တွေ့ရစဉ်
တာချီလိတ်မြို့တွင် ရပ်ဝေး အလှူခံများ အတင်းအကြပ် အလှူခံနေမှုအပေါ် တားဆီးပေးနိုင်သူ မရှိဖြစ်နေ
ဖေဖော်ဝါရီ 15, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ဖြင့် အလှူခံသည်ဟုဆိုကာ နေအိမ်ထဲအထိ အတင်းဝင်ပြီး အတင်းအကြပ် အလှူခံမှုများ ရှိနေသည့်အတွက် ရပ်ဝေးအလှူခံများကို ထောက်ခံချက်မပေးသင့်ကြောင်း နှင့် ထိန်းသိမ်းပေးရန်လိုအပ်ကြောင်း ဒေသခံများက ပြောသည်။

အလှူခံတာကလည်း တော်တော်ကြောက်ဖို့ ကောင်းတယ်။ အခုလို တခါမှ မကြုံဖူးဘူး။ ဘယ်လောက်လှူရမလဲလို့ မေးတော့ စေတနာရှိသလောက် လှူပါလို့ ပြောတယ်။ အဲ့တော့ ဘတ်(၃၀၀)ပေးလိုက်ပြန်တော့လည်း (၃၀၀)မရဘူး။ ဘတ်(၆၀၀)လို့ ပြောတယ်။ အိမ်အထဲထိကို ဝင်လာတာ။  မလှူမချင်း မပြန်ဘူး။ ဘယ်လိုပြောပြော မရဘူး

ဟု ဆန်ဆိုင်းရပ်ကွက်တွင်းနေသူ တစ်ဦးက ပြောသည်။

အလှူခံအဖွဲ့သည်   မိဘမဲ့ ကလေးများအတွက်ဟု ဆိုကာ အလှူခံနေပြီး အုပ်စုများခွဲ၍ လှည့်လည်အလှူခံနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကျွန်မဆိုင်မှာလည်း အလှူလာခံတယ်။ တစ်ရက်တည်းကို (၂)ဖွဲ့လာတာ။ (၂)ဖွဲ့လုံးက မိဘမဲ့ကလေးတွေအတွက်လို့ပဲ ပြောတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကလည်း မတူဘူးတဲ့။ တစ်ဖွဲ့က ရှမ်းပြည်က နောက်တစ်ဖွဲ့က နယ်ကလို့ ပြောတယ်။ အလှူခံတွေက တဖွဲ့တည်းကိုမှ အဖွဲ့ခွဲပြီး လုပ်စားနေလားမသိဘူး  (၄)(၅)ဖွဲ့ရှိတယ်။ ယောင်္ကျားကြီးတွေပဲ (၄)(၅)ယောက်လောက်ရှိတယ်။ ဆိုင်မှာ ကျွန်မတစ်ယောက်တည်းရှိနေတဲ့အချိန် ဝင်လာတာ အတော်လန့်သွားတယ်။ အလှူခံလို့ပြောတာနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ဘတ်(၂၀၀)ထည့်လိုက်ရတယ်။

ဟု ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ဒေသအုပ်ချုပ်ရေးအာဏာပိုင်များနှင့် သက်ဆိုင်ရာများအနေဖြင့် ရပ်ဝေးအလှူခံများကို စိစစ်သင့်ပြီး ခွင့်ပြုချက်မပေးသင့်ကြောင်း မြို့မိမြို့ဖတစ်ဦးက အကြံပြုသည်။

ဒီရက်ပိုင်း အလှူလာခံတာတွေ့ရတယ်။ လာကြတဲ့ လူတွေကသာ တခါနဲ့ တခါ မတူကြတာ ခေါင်းစဉ်ကတော့ တူနေတယ်။ မိဘမဲ့ ကလေးတွေအတွက်ဆိုပြီး အလှူခံနေတယ်။ သက်ဆိုင်ရာတွေအနေနဲ့ အခုလိုမျိုးတွေကို ခွင့်မပြုသင့်ဘူး။ ရပ်ဝေးက လာရင် ယုံဖို့ခက်တယ်။ နောက်ပြီး ဒေသတွင်း နေအိမ်တွေအတွက် လုံခြုံမှုလည်းမရှိဘူး။ ကိုယ့်ဒေသမှာလည်း တကယ်လိုအပ်တဲ့နေရာတွေရှိနေတာပဲ။  တာချီလိတ်က လူတွေက စေတနာမနည်းပါဘူး။ အရင်တုန်းက တခြားဒေသတွေမှာ ရေကြီးတာတွေ မီးလောင်တာတွေဖြစ်တော့ ဒေသခံတွေ ဝိုင်းပြီး အလှူခံပြီး သွားလှူကြတာရှိခဲ့ပါတယ်။  အဲ့တော့ လိုအပ်ရင် ဒေသခံတွေ ဝိုင်းကူလို့ရတယ်။ အခုလို ဘုမသိ ဘမသိ ထောက်ခံပေးလိုက်တာမျိုးတွေက မဖြစ်သင့်ဘူး။ တချို့မြို့တွေဆို ရပ်ဝေးအလှူခံကို လက်မခံသလို ထောက်ခံချက်လည်း မပေးကြဘူး။ ဒါက မြို့နယ်အုပ်ချုပ်ရေးအပိုင်းနဲ့ သာသနာရေးအပိုင်းမှာ တာဝန်ရှိတယ်။ နောက်ပြီး အလှူခံရသူအနေနဲ့ ရပ်ဝေး အလှူခံတွေက လာပြီး အလှူခံရင် ဘယ်အတွက်လဲ၊ ဘယ်ကလဲ၊ စာရွက်စာတမ်းတွေ၊ ခွင့်ပြုချက်တွေ ပါလားလို့ မေးခွင့်ရှိတယ်။ မေးမှ လိမ်တာလား ဘယ်လိုလဲဆိုတာ သိရမှာ

ဟု မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အလှူခံ အဖွဲ့တစ်ဖွဲ့အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခွင့်ပြုစာ ထုတ်ပေးထားမှု

တာချီလိတ်မြို့တွင် ဒေသတွင်းက မဟုတ်သော  ရပ်ဝေးမှလာသည့် ရပ်ဝေးအလှူခံများသည် ဒေသတွင်း အလှူခံလိုပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက် အကြောင်းကြားရပြီး အလှူခံခွင့်တင်ပြမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့က စိစစ်ခွင့်ပြုပေးလေ့ရှိပြီး၊ အလှူခံခွင့်ကို ခွင့်မပြု၍လည်း ရကြောင်း နှင့်  ခွင့်ပြုချက်မရှိဘဲ အလှူခံနေခြင်း နှင့် သတ်မှတ်ရက်ကျော်လွန်ပြီး အလှူခံခြင်းများ ပြုလုပ်ပါကလည်း အရေးယူနိုင်သည်ဟု သိရသည်။