တာချီလိတ်မြို့တွင် မူလတန်းအဆင့် မွမ်းမံသင်တန်းသို့ တက်ရောက်ရန် ဒုမြို့နယ်ပညာရေးမှူးက ညွှန်ကြား

တာချီလိတ်မြို့တွင် မူလတန်းအဆင့် မွမ်းမံသင်တန်းသို့ တက်ရောက်ရန် ဒုမြို့နယ်ပညာရေးမှူးက ညွှန်ကြား
မတ် 31, 2021 | ရှမ်းရှေ့

အာဏာသိမ်းကောင်စီအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဖွင့်လှစ်မည့် မွမ်းမံသင်တန်းကို တာချီလိတ်တွင် မူလတန်းပြ ဆရာ ဆရာများ တက်ရောက်ကြရန် ဒုတိယမြို့နယ်ပညာရေးမှူးက  မြို့နယ်ပညာရေးမှူးကိုယ်စား လက်မှတ်ထိုးကာ ညွှန်ကြားထားသည်။

တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင်  မူလတန်းပြအဆင့် မွမ်းမံသင်တန်း(စွမ်းရည်မြင့်သင်တန်း)ကို ၂၀၂၁ခုနှစ် ဧပြီလ(၅)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် ဖြူ/စိမ်း ယူနီဖောင်းမဝတ်လာဘဲ အရပ်ဝတ်ဖြင့် ဝတ်လာကာ ကျောင်းအနောက်ပေါက်က ဝင်ရမည်ဖြစ်ကြောင်းလည်း အသိပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် CDM လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်း (၄၀၀)နီးပါးရှိနေပြီး မြို့နယ်ပညာရေးမှူးကိုယ်တိုင် CDM လုပ်ဆောင်ထားသော်လည်း မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများအားလုံးမှာ CDM လုပ်ဆောင်ထားခြင်းမရှိဘဲ ရုံးတက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် CDM မလုပ်ဆောင်သည့် ဆရာ ဆရာမများထဲတွင် ကျောင်းအုပ် အများအပြား ပါဝင်ကြောင်းလည်း သိရသည်။