တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရပ်ကွက်အလုပ်များကို စိတ်ပါပါ မလုပ်၍  ရပ်ကွက်တွင်းနေသူများက ဝေဖန် 

 တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရပ်ကွက်အလုပ်များကို စိတ်ပါပါ မလုပ်၍  ရပ်ကွက်တွင်းနေသူများက ဝေဖန် 
ဖေဖော်ဝါရီ 14, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံး၏ အုပ်ချုပ်ရေးမှူးသည် ရုံးချိန်တွင် ပုံမှန် လာရောက်ခြင်း မရှိဘဲ ထောက်ခံစာ ရယူလိုသူများအနေဖြင့် ၎င်း၏ နေအိမ်သို့ သွားနေရကြောင်းနှင့် ငွေကြေးရသည့် အလုပ်များကိုသာ အရေးစိုက်သည်ဟု ရပ်ကွက်တွင်းနေထိုင်သူများက ဝေဖန် ပြောဆိုနေကြသည်။

အလုပ်လျှောက်ဖို့ ထောက်ခံစာသွားယူတာ။ ချက်ချင်းမရလာဘူး။ ဥက္ကဌ မရှိလို့တဲ့။ အဲ့ဒါဆို ဥက္ကဌ က ဘယ်ချိန်ရုံးလာလဲ၊ သူလာတဲ့အချိန် လာခဲ့မယ်ပြောတော့လည်း။ ဥက္ကဌက ရုံးလာချိန် မမှန်ဘူး။ များသောအားဖြင့် ရုံးမလာတာများတယ်လို့ သိရတယ်။ အရေးတကြီး ထောက်ခံစာ လိုရင် သူ့အိမ်ကိုပဲ သွားကြရတယ်

ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်းနေ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို နေ့ပိုင်း နှင့် ညပိုင်းတို့တွင် ဖွင့်လှစ်ထားသော်လည်း အုပ်ချုပ်ရေးမှူး ဦးမြအောင်သည် ရုံးမလာသည်က များပြီး အိမ်၊ခြံ၊မြေ အရောင်းအဝယ် စာချုပ်နှင့် အခြားကိစ္စများရှိသည့် အချိန်များတွင်သာ ရုံးသို့ အလာများသည်ဟုလည်း သိရသည်။

ထောက်ခံစာ အရေးတကြီးလိုလို့ သွားယူတာ၊ ချက်ချင်းမရလာဘူး။  ဥက္ကဌ မရှိသေးလို့ ဖုန်းနံပါတ်ပေးခဲ့ နက်ဖြန် လာယူလို့ရမဲ့အချိန် ဖုန်းဆက်လိုက်မယ်လို့ ပြောတယ်။ တခြားရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ ရုံးချိန် ပုံမှန်ရှိနေပေမဲ့ ကျွန်မတို့ ရပ်ကွက်က ဥက္ကဌကတော့ ရုံးလာတိုင်းကို မတွေ့ရဘူး။ ဟိုးအရင်က ဥက္ကဌတွေလို ရပ်ကွက်အတွက် တက်တက်ကြွကြွ ရှိတာလည်း မတွေ့ရဘူး။ ငွေရတဲ့ ကိစ္စပဲ စိတ်ဝင်စားတယ်ထင်တယ်။ ရုံးချိန် မှန် မမှန် သိရအောင် မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ ရပ်ကွက်ရုံးကို ရှောင်တခင် ဝင်စစ်စေချင်မိတယ်

ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အနေဖြင့် ရပ်ကွက် (၁၁)ရပ်ကွက်ရှိပြီး  တနိုင်ငံလုံးမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ၂၀၁၂ခုနှစ်က ပြဌာန်းခဲ့သည့် ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရ လစဉ် ချီးမြှင့်ထောက်ပံ့ငွေအဖြစ် ကျပ်(၇၀,၀၀၀)ရရှိပြီး  ရုံးအသုံးစရိတ်အဖြစ် ကျပ်(၅၀,၀၀၀)ရရှိသည်ဟု သိရသည်။