ခမ်းနားထည်ဝါမှုမရှိသည့် ကျောက်မဲမြို့အဝင် မုခ်ဦး ကျပ်သိန်း(၅၀၀)နီးပါး ကုန်၍ ဒေသခံများက ပက်ပက်စက်စက် ဝေဖန်

Photo: ကျောက်မဲ စည်ပင်
Photo: ကျောက်မဲ စည်ပင်
ခမ်းနားထည်ဝါမှုမရှိသည့် ကျောက်မဲမြို့အဝင် မုခ်ဦး ကျပ်သိန်း(၅၀၀)နီးပါး ကုန်၍ ဒေသခံများက ပက်ပက်စက်စက် ဝေဖန်
ဖေဖော်ဝါရီ 13, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စည်ပင်သာယာရေးဌာနက ကျပ်သိန်း(၅၀၀)နီးပါးကုန်ကျသည်ဟုဆိုသည့်  မြို့အဝင်မုခ်ဦးကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်ပွဲ ပြုလုပ်လိုက်ပြီး ကုန်ကျမှုများနှင့် ပတ်သက်၍ ဒေသတွင်းပြည်သူများက ကျောက်မဲစည်ပင် အပေါ် ပက်ပက်စက်စက် ဝေဖန်နေကြကြောင်း သိရသည်။

မုခ်ဦးရဲ့ ဒီဇိုင်းက တခြားမြို့က မုခ်ဦးတွေလိုလည်း ခမ်းနားထည်ဝါမှုမရှိဘူး။ သုံးထားတဲ့ အရောင် နဲ့ စာလုံးပေါ်က အရောင် ဘယ်လိုမှ မထင်ပေါ်ဘူး။ အဝေးက ကြည့်ရင်တောင် ဘာရေးထားမှန်းမသိနိုင်ဘူး။ အနီးကပ်ကြည့်မှ ဘာရေးထားလဲဆိုတာကို သိသာစေတာ။  ဘယ်လို ဦးနှောက်နဲ့ ပုံဖော်ဆောက်ထားလဲမသိဘူး။ ကျပ်သိန်း(၅၀၀)နီးပါးတောင် ကုန်ကျပြီး ခမ်းခမ်းနားနားမရှိတာ စည်ပင်က လူတွေ ဘယ်လို အတွေးအမြင်နဲ့ လုပ်ထားလဲမသိဘူး မြို့ခံအနေနဲ့ ရှက်ဖို့ကောင်းတယ်။

ဟု ကျောက်မဲ ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 အလျားပေ(၆၀) နှင့် အမြင့်(၁၇)ပေရှိ မြို့အဝင်မုခ်ဦးအား ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာန၏ ရန်ပုံငွေများထဲက ကျပ်သိန်းပေါင်း (၁၉၇)သိန်းခွဲ နှင့် ရှမ်းပြည်နယ်အတွင်း NLD အစိုးရ၏ သက်တမ်း(၅)နှစ်တာ၌ ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်သည့်  Clean & Green Cities ရန်ပုံငွေထဲက ကျပ်သိန်း(၃၀၀) အပါအဝင် စုစုပေါင်း ကျပ် (၄၉၇)သိန်းခွဲ အသုံးပြုကာ တည်ဆောက်ထားခြင်းဖြစ်ပြီး ဖွင့်ပွဲအဖြင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ပြုလုပ်သည်ဟု သိရသည်။ 

လုပ်ရင်လည်း စေတနာပါပါလေး လုပ်ပေါ့ဗျာ။ သူများမြို့တွေထက် ခမ်းခမ်းနားနား လုပ်မယ်။ ငွေမလောက်ဘူး အလှူရှင်များ ထည့်ပေးကြဆိုရင် ထည့်ပေးကြမှာပေါ့။  မုခ်ဦးဆိုတာကလည်း မြို့ကို ဂုဏ်ဆောင်တာ အလှဖော်တာပဲမဟုတ်လား၊ အခုကတော့ မြင်တာနဲ့ ကြည့်ကောင်းတာ တကွက်မှ မရှိဘူး

ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအတွင်း Covid-19 ၏ မျိုးစိတ်သစ် အိုမီခရွန် ကူးစက်မှု မြန်ဆန်နေချိန်တွင် အဆိုပါ မုခ်ဦးဖွင့်ပွဲဤ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့သည် Mask များ မတပ်ဘဲ လူစုလူဝေးဖြင့် ကျင်းပနေသည်ကို မှတ်တမ်းပုံများအရ တွေ့ရသည်။