လျှပ်စစ်မီး ပုံမှန်မရရှိသည့် အောင်ပန်းမြို့တွင် ဖယောင်းတိုင်မီးကြောင့် မီးလောင်မှု ဖြစ်ပွား

Photo: အောင်ပန်းနာရေးကူညီမှုအသင်း
Photo: အောင်ပန်းနာရေးကူညီမှုအသင်း
လျှပ်စစ်မီး ပုံမှန်မရရှိသည့် အောင်ပန်းမြို့တွင် ဖယောင်းတိုင်မီးကြောင့် မီးလောင်မှု ဖြစ်ပွား
ဖေဖော်ဝါရီ 10, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လျှပ်စစ်မီး ပုံမှန်မရရှိသည့် အောင်ပန်းမြို့တွင် ရွှေပအိုဝ်း ရှင်လောင်းဝတ်စုံ ငှားရမ်း/ရောင်းဝယ်ရေး၏ နေအိမ်၌ ဖယောင်းတိုင်မီးမှ တဆင့် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

 အောင်ပန်းမြို့ မိုးကောင်းရပ်ကွက်၊ နယ်မြေ(၁)သံလမ်းဘေးရှိ နေအိမ်တွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ အပါအဝင် လူမှုရေးအသင်းအဖွဲ့များ၊ အနီးဝန်းကျင်မှ ပြည်သူများ စုပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည(၈)နာရီဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဖယောင်းတိုင်မီးကြောင့် မီးလောင်တာလို့ သိရတယ်။  လျှပ်စစ်မီးက ပုံမှန်မရတော့ ဖယောင်းတိုင်ပဲ သုံးရတော့တယ်။ မီးလာရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မီးလောင်မှုကြောင့် အိမ်ရှင်မှာ လက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာရရှိခဲ့သလို လာရောက် မီးငြှိမ်းသတ်ကူသည့် အမျိုးသားတစ်ဦးမှာလည်း ခြေထောက်သွပ်ပြားရှသည့် ဒဏ်ရာရရှိသည်ဟု အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်။