ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းသမားများကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားပြီး မေလ(၂၀)ရက်နေ့တွင် (၄)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည် 

ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းသမားများကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားပြီး မေလ(၂၀)ရက်နေ့တွင် (၄)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည် 

ကမ္ဘောဇတိုင်းသတင်းဌာနမှ ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ခံထားရသည့် သတင်းသမားများ အပါအဝင် (၄)ဦးကို မေလ(၂၀)ရက်နေ့တွင် (၄)ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း နှင့် အကြောင်းအမျိုးမျိုးကြောင့် သတင်းတင်ဆက်မှုများကို ယာယီရပ်နားထားကြောင်း   သိရသည်။



ကမ္ဘောဇတိုင်းသတင်းဌာန၏ ဖမ်းဆီးခံရသူများကို ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့က ပထမအကြိမ်ရုံးထုတ်ပြီး ဒုတိယအကြိမ်အဖြစ် ဧပြီလ(၂၂)ရက်နေ့က လည်းကောင်း၊ တတိယအကြိမ်အဖြစ် မေလ(၆)ရက်နေ့က လည်းကောင်း (၃)ကြိမ်တိုင်တိုင် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးခြင်းမရှိဘဲ စတုတ္ထအကြိမ်ရုံးထုတ်အဖြစ် မေလ(၂၀)ရက်နေ့ကို ထပ်မံချိန်ဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။



၂၀၂ခုနှစ် မတ်လ (၂၄)ရက် ညပိုင်းက ကမ္ဘောဇတိုင်းသတင်းဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့် နေအိမ်အစောင့် စိုင်းစည်သူတို့သည် ဟိုပုံးမြို့ရှိ ရုံးခွဲတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် တောင်ကြီးခရိုင်အတွင်းရှိ တောင်လေးလုံးအကျဉ်းထောင်၌ ထားရှိကြောင်း နှင့်  ၎င်းတို့ ဖမ်းဆီးခံရစဉ်က ကွန်ပျူတာများ၊ ကင်မရာများ၊ လက်ကိုင်ဖုန်းများပါ သိမ်းဆည်း ခံခဲ့ရ‌ကြောင်းလည်း သိရသည်။

၎င်းတို့ ဖမ်းဆီးခံရခြင်းမပြုလုပ်မိက အယ်ဒီတာချုပ်၏ နေအိမ်တွင်လည်း ဝင်ရောက်ရှာဖွေခံထားရကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘောဇတိုင်းသတင်းဌာန၏ သတင်းသမားများ ဖမ်းဆီးခံထားရသည့်အတွက် သတင်းထုတ်လွှင့်တင်ဆက်မှုများကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ၂၀၂၁ခုနှစ် မေလ(၆)ရက်နေ့က အသိပေးထားရှိသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အခြေစိုက်သည့် ကမ္ဘောဇတိုင်းသတင်းဌာနသည် ၂၀၁၅ ခုနှစ်၊ မတ်လ (၉)ရက်က ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉) ဖြင့် စတင်တည်ထောင် ဆောင်ရွက်ခဲ့သော တရားဝင်သတင်းဌာနတစ်ခုဖြစ်ကြောင်း သိရသည်။



ရှမ်းပြည်နယ်အတွင်း အခြေစိုက်ပြီး လွတ်လပ်သည့် မီဒီယာများအား အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတို့မှ ဖမ်းဆီးမှုများ၊ နေအိမ်အတွင်းရှာဖွေမှုများနှင့် သတင်းလုပ်ငန်းရုတ်သိမ်းကာ အမှုဖွင့်ထားမှုများရှိနေရာတွင် ကမ္ဘောဇတိုင်းသတင်းဌာနမှ ဖမ်းဆီးခံရသူ (၄)ဦးရှိနေပြီး သတင်းတင်ဆက်မှုကို ယာယီရပ်နားထားရခြင်းအပြင် တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းလုပ်ငန်းလိုင်စင်ကို ရုတ်သိမ်းခြင်း၊ တာချီလိတ်သတင်းအေဂျင်စီမှ သတင်းထောက် (၅)ဦးတို့ကို အမှုဖွင့်ထားခြင်း၊ မဲခေါင်သတင်းဌာနမှ သတင်းထောက်တစ်ဦးကို အမှုဖွင့်ထားခြင်းအပြင် Eastern Future News Agency မှ သတင်းထောက်တစ်ဦး  အပါအဝင် တာချီလိတ်မြို့  မှုခင်း SH မှ တစ်ဦးတို့ကို အမှုဖွင့်ထားခြင်း၊ Shwe Phee Myay News Agency ၏ သတင်းဌာနရုံးနေရာကိုလည်း သော့ဖျက်ပြီး ဝင်ရှာဖွေခြင်းများ ပြုလုပ်ခံရကြောင်း သိရသည်။