နမ့်စန်မြို့မှ မလေးရှားနှင့် အင်ဒိုနီးရှားသို့ မူးယစ်ဆေးဝါးများ တင်ပို့မည့် တရားခံ(၈)ဦးကို ဖမ်းမိ၍ ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ် သိမ်းဆည်းထား

နမ့်စန်မြို့မှ မလေးရှားနှင့် အင်ဒိုနီးရှားသို့ မူးယစ်ဆေးဝါးများ တင်ပို့မည့် တရားခံ(၈)ဦးကို ဖမ်းမိ၍ ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ် သိမ်းဆည်းထား
သြဂုတ် 13, 2020
By Tachileik News Agency
နမ့်စန်မြို့မှ မလေးရှားနှင့် အင်ဒိုနီးရှားသို့ မူးယစ်ဆေးဝါးများ တင်ပို့မည့် တရားခံ(၈)ဦးကို ဖမ်းမိ၍  ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ် သိမ်းဆည်းထား

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့မှ မလေးရှားနှင့် အင်ဒိုနီးရှားသို့ တင်ပို့မည့် အိုက်စ် (၉၉၉ ဒသမ ၈) ကီလိုနှင့် အမျိုးသား (၁)ဦးကို ဖမ်းမိပြီးနောက် (၁၀)ရက်အတွင်း ကွင်းဆက်ဖေါ်ထုတ်ချက်အရ ဆက်စပ်သူ (၇)ဦးကို ထပ်မံ ဖမ်းဆီးရမိပြီး ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်သိမ်းဆည်းထားကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာ၊ တံငါလှေဆိပ် အနီးတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော NISSAN CARAVAN အမျိုးအစားမော်တော်ယာဉ်တစ်စီးကို၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ ည (၁၀)နာရီခွဲအချိန်၌ လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်ပူးပေါင်း၍ ရှာဖွေရာ ရဲဝေလင်း (ခ)အငယ်လေးအားတွေ့ရှိပြီး ယာဉ်နောက်ခန်းရှိဆာလာအိတ်များအတွင်းမှ အိုက်စ် ၉၉၉ ဒသမ ၈ ကီလို၊ Speed Boat တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုအား ကွင်းဆက်ဖေါ်ထုတ်မှုအရ လင်းလင်းထိုက်(ခ)လင်းငယ်အား ဩဂုတ်လ (၁) ရက်နေ့  နံနက် (၁၀)နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိ ဟိုတယ်၌ဖမ်းမိကာ စိုင်းထွန်းလှိုင် အား ဩဂုတ်လ (၃) ရက်နေ့ ညနေ (၅)နာရီခွဲတွင် ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ရာဒိုစစ်ဆေးရေး ဂိတ်၌ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဩဂုတ်လ (၄) ရက်နေ့ နေ့လယ် (၁၁)နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ မီးပုံးပျံကွင်းအနီးတွင် ကျော်ဦး(ခ)တရုတ်အား ဖမ်းမိပြီး ယင်းနေ့ နေ့လယ် (၁)နာရီခွဲအချိန်၌ ဟိုပုံးမြို့တွင် မိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုးနှင့် မိုးသုကဗျာ တို့အား ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးတင်ပို့မည့်အဖွဲ့တွင် ပါဝင်သည့် သိန်းရာဇာ(ခ)သိန်းကြီးနှင့်ချစ်ပိုပို(ခ)ချစ်ပို တို့အား ဩဂုတ်လ (၉) ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဂုံညှင်းနီကျူးကျော်ရပ်ကွက်၊ ခတ္တာလမ်းနေအိမ်၌ ဖမ်းမိကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် အိုက်စ်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့မှ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြားရှိရေပြင်သို့ သယ်ဆောင်ပေးရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသယ်ဆောင်မည့် အသက် (၂၇)နှစ်အရွယ် ရဲဝေလင်း(ခ)အငယ်လေး၊ အသက် (၃၂)နှစ်အရွယ် လင်းလင်းထိုက်(ခ) လင်းငယ်၊ အသက် (၃၄)နှစ်အရွယ် စိုင်းထွန်းလှိုင်၊ အသက် (၄၈)နှစ်အရွယ် ကျော်ဦး(ခ)တရုတ်၊ အသက် (၄၉)နှစ်အရွယ် မိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုး၊ အသက် (၂၂)နှစ်အရွယ် မိုးသုကဗျာ၊ အသက် (၃၀)အရွယ် သိန်းရာဇာ(ခ)သိန်းကြီး၊ အသက် (၂၂)နှစ်အရွယ် ချစ်ပိုပို(ခ)ချစ်ပိုတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့အရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
 
၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် Speed Boat တစ်စီး၊ မော်တော်ယာဉ် (၉) စီး၊ နေအိမ် (၃) လုံး တို့နှင့်အတူ ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ အား ယာယီချိတ်ပိတ်သိမ်းဆည်း၍ ကွင်းဆက်တရားခံများ ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း သိရသည်။

Tachileik News Agency
 ဓါတ်ပုံ - မူးယစ်တပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~