ကရင်နီပြည်နယ်တွင်း ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လာရန်  အာဏာသိမ်း ဒုစစ်ခေါင်းဆောင်၏ အမိန့်ကို လက်မခံရေး ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီး သတိပေး

ကရင်နီပြည်နယ်တွင်း ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လာရန်  အာဏာသိမ်း ဒုစစ်ခေါင်းဆောင်၏ အမိန့်ကို လက်မခံရေး ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီး သတိပေး
ဖေဖော်ဝါရီ 10, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်တွင်း အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားများ ယိုယွင်းသွားမှုကြောင့် ဝန်ထမ်းများ အမြန်ပြန်လာရန် အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားနေမှုကို ဝန်ထမ်းများအနေဖြင့် လုံးဝလက်ခံခြင်း မပြုကြရန်နှင့် လက်ခံသူများကို ထိရောက်စွာအရေးယူမည်ဟု ကရင်နီပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် ထုတ်ပြန် အသိပေးထားသည်။

 

အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်များစွာဖြင့် ထိုးစစ်ဆင်မှုကြောင့် ပြည်နယ်တွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံဝန်ထမ်းများအပါအဝင် နေထိုင်သူအားလုံး စစ်ဘေးရှောင် ထွက်ပြေးသွားကြရသဖြင့် ပြည်နယ်တွင်း နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် အခြားယန္တရားများ ပုံမှန်ပြန်လည်နိုင်ခြင်းမရှိတော့ဘဲဖြစ်နေရာ ၎င်းတို့လက်အောက်ခံ ဝန်ထမ်းများ အမြန်ပြန်လာကြရန် အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားနေရခြင်းဖြစ်သည်။

ဒုအာဏာသိမ်းစစ်ခေါင်းဆောင်သည် ဖေဖော်ဝါရီလ(၃)ရက်နေ့က ကရင်နီပြည်နယ်တွင်း လာရောက်ပြီး လွိင်ကော်၊ ဘော်လခဲ၊ ဖားဆောင်းစသည့်မြို့များရှိ ၎င်းတို့၏ စီမံခန့်ခွဲရေးကောင်စီအဖွဲ့များကို ခေါ်ယူတွေ့ဆုံကာ ဝန်ထမ်းများအား တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးအဆင့်ဖြင့်ပင် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နောက်ဆုံးထား ပြန်လည်တာဝန်ထမ်းဆောင်ကြရန် ညွန်ကြားလာခြင်းဖြစ်သည်။

၎င်းတို့၏ဝန်ထမ်းများနှင့် ပြည်သူလူထုအပေါ် ထောက်ထားငဲ့ညှာခြင်းမရှိသည့် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ယန္တရားများ ပြန်လည် အသက်ဝင်စေရေးအတွက် ဝန်ထမ်းများအနေဖြင့် လုပ်ဆောင်ခြင်းမပြုကြရန် ကရင်နီပြည်နယ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ခူးညေးရယ်က အသိပေးစာထုတ်ပြန်ထားသည်။ 

အာဏာသိမ်းစစ်ကောင်စီသည် ဇန်နဝါရီလ(၇)ရက်နေ့မှစ၌ လွိုင်ကော်မြို့ပေါ်နှင့် တခြားမြို့များအပေါ် ရန်သူသဖွယ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် စစ်ကောင်စီဝန်ထမ်းများအပါအဝင် အရပ်သားပြည်သူ (၁၇၀၀၀၀) ကျော်မှာ စစ်ဘေးရှောင်စခန်းများသို့လည်းကောင်း၊ ပြည်နယ်ပြည်ပသို့လည်းကောင်း ထွက်ပြေး တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

#TachileikNewsAgency